ရန်ကုန် ဖေဖော်ဝါရီ ၂
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ ကိုးခု၊ ရေငန်တားတမံ ၄၉ ခု၊ ရေထိန်းတံခါး ၁၇၁ ခုနှင့် လျှပ်စစ်မြစ်ရေတင် ၂၃ ခုကို နိုင်ငံတော်အစိုးရက တည်ဆောက်ပေးထားရာ ရန်ကုန်တောင်ပိုင်းခရိုင်များဖြစ်သော သန်လျင် ခရိုင်၊ တွံတေးခရိုင်များအနေဖြင့် ရေမြေအနေအထားနှင့် ယခင်က နည်းပညာအခြေအနေများအရ စိုက်ပျိုးရေအား လယ်ထဲအရောက်ရေပေးနိုင်မှုတွင် ရန်ကုန်မြောက်ပိုင်းခရိုင်များထက် အခွင့်အရေး နည်းပါးခဲ့သည်။
သန်လျင်ခရိုင်နှင့် တွံတေးခရိုင်များတွင် စိုက်ပျိုးရေ ပေးဝေနိုင်သော ဆည်ကြီးများမရှိသလို၊ တည်ရှိပြီး မြစ်ရေတင် လုပ်ငန်း သုံးခုမှာလည်း ရေချိုရရှိမှုအခြေအနေအရ တောင်သူများ၏ လယ်ထဲအရောက် ပေးပို့နိုင်မှုကို ဧကရာဂဏန်းမျှသာ ဆောင်ရွက်နိုင်ခဲ့သည်။
ယခုနှစ်ပိုင်းတွင် နည်းပညာဖွံ့ဖြိုးမှုအအရ ဆိုလာစွမ်းအင် သုံးစွဲမှုများစွာ တိုးတက်လျက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနကလည်း မြစ်ရေတင်လုပ်ငန်းများတွင် နိုင်ငံတော်၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ရေတင်ပန့်ကြီးများကို ဆိုလာစွမ်းအင်ဖြင့် အသုံးပြုမောင်းနှင်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
တပ်ဆင်အသုံးပြုလျက်ရှိ
ထို့ပြင် ဆည်ရေ၊ မြစ်ရေတင်ရေသောက်ပြင်ပ နွေစပါးစိုက်ကွင်းများတွင် တောင်သူလယ်သမားများကိုယ်တိုင် အသုံးပြုနိုင်သည့် တစ်နိုင်တစ်ပိုင် အနိမ့်တင် ဆိုလာရေတင်စက်များကို တပ်ဆင်အသုံးပြုလျက် ရှိသည်။
“ဖြန့်ဝေပေးထားတဲ့ ဆိုလာရေတင်စက်နှစ်မျိုးမှာ နှစ်ချပ်တွဲ ရွှေ့ပြောင်းဆိုလာ ရေတင်စက်လေးတွေက အဖိုးနည်းပေမယ့် ထိရောက်မှုရှိတယ်။ နေထွက် ရေထွက်ဆိုတဲ့အတိုင်း နံနက် ၇ နာရီ လောက်ကနေစပြီး ညနေစောင်းအထိ ရေတင်နိုင်ပြီး မိုးအုံ့နေတာတောင် ရေထွက်ပါတယ်။ ကိုယ်တင်ချင်တဲ့ လယ်ကွက်တွေကို ရေသာအနားရှိရင် ရွှေ့ပြောင်းပြီး ကပ်တင်နိုင်တော့ ရေအလေအလွင့်မရှိ ခဏချင်းရေရနိုင်တယ်။ ၁၄ ချပ်တွဲ အနိမ့်တင် ဆိုလာရေတင်စက်တွေကတော့ တစ်ကွင်း တစ်စပ်တည်းပိုင်ဆိုင်တဲ့ လယ်သမားကြီးတွေ ပိုအဆင်ပြေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ သဘာဝအရ လယ်မြေတွေကို ရေရောက်ဖို့ အမြင့်ပေများစွာ တင်စရာမလိုတဲ့အတွက် ပန့်က တစ်နေ့ကိုအချိန် ရှစ်နာရီလောက် ရေတင်နိုင်တော့ တောင်သူတွေအတွက် အများကြီးအဆင်ပြေပါတယ်” ဟု သန်လျင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆိုလာရေတင်စက်များကို တောင်သူများကိုယ်တိုင် ရေတင်နေရသည့် စိုက်ကွင်းအများစုရှိသော တောင်ပိုင်းခရိုင်များသို့ အများစု ပိုမိုခွဲဝေပေးခြင်းဖြင့် တောင်နှင့်မြောက်ခြမ်းရှိ တောင်သူများသို့ နိုင်ငံတော်၏ အထောက်အပံ့ကို ညီမျှစွာ ရရှိစေခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


