နေပြည်တော်   ဖေဖော်ဝါရီ   ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်ယမန်နေ့ နံနက်ပိုင်းက    နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် သံလွင်လမ်း၊ ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း အကြားရှိ ဆင်သေ ချောင်းဘေး ဝဲ/ယာ  သီးနှံစိုက်ပျိုးနိုင်သည့် ၃၈၄၄၄ ဧကရှိ လယ်ယာမြေများပေါ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး သီးနှံများ၏ ရေလိုအပ်ချက်အတိုင်း  စိုက်ပျိုးရေလုံလောက်စွာရရှိရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနက် မြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်မှု (Ground Water Recharge)ကောင်းမွန်သော နေရာများ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းများ တူးဖော်၍ မြေအောက်ရေထုတ်ယူသုံးစွဲမှု၊ နွေသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊  ဆောင်ရွက်ရန် လျာထားသည့် စက်ရေတွင်းများရှိရာ ဒုတိယဝန်ကြီးသည် ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်သည့် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာအနီးရှိ ရှစ်လက်မ အချင်း၊ စက်ရေတွင်း အမှတ်(၁) တူးဖော်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စက်ရေတွင်းများကို ဒေသအလိုက် မြေအောက်ရေအောင်းလွှာ အခြေအနေပေးမှုအပေါ်မူတည်၍ စနစ်တကျတူးဖော်ကြရန်၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်ဆန်းစစ်ကြရန်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် ရေရရှိပြီး စိုက်ပျိုးနိုင်သည့် နေရာများတွင် မြေလွတ်မကျန် သီးထပ်သုံးသီး မဖြစ်မနေ စိုက်ပျိုးကြရန်၊ အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များဖြင့် စနစ်တကျ စိုက်ပျိုးရေးတို့အတွက် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို  သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးနေပြီဖြစ်၍ တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း  ဆွေးနွေးပြောကြားကာ   စက်ရေတွင်း တူးဖော်နေမှုများနှင့် နွေသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအတွက် ဌာနမှ သတ်မှတ် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ Dam Surveillance Report ပါ လုပ်ငန်းစဉ်များအတိုင်း စောင့်ကြည့်စစ်ဆေးကြရန် မှာကြားသည်။

ဆက်လက်၍  ရေဆင်းဆည်ရေသောက်စနစ် ဧရိယာအတွင်း   လက်ယာ(၁)   မြောင်းမကြီးနှင့် လက်ယာ(၂)မြောင်းမကြီးတို့မှ ဖေဖော်ဝါရီ ၁ ရက်မှ စတင်စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ သီးနှံ စိုက်စွမ်းအား ပိုမိုကောင်းမွန်စေရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းများနှင့် ထိရောက်မှုရှိသော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများအား တောင်သူများသို့ နည်းပညာဖြန့်ဝေပေးနိုင်ရေး ပညာပေးပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ရေဆင်းရေလှောင်တမံအနေဖြင့် (၂၀၂၅-၂၀၂၆) ခုနှစ်အတွင်း နွေစပါး ၆၂၄၆ ဧက၊ နွေအခြားသီးနှံ ဧက ၁၁၈၀ စုစုပေါင်း ၇၄၂၆ ဧက စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

သတင်းစဉ်