နေပြည်တော် ဖေဖော်ဝါရီ  ၂

စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ် သုံးစွဲနိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စက်သုံးဆီများကို ပြည်ပမှဝယ်ယူ တင်သွင်းနေရလျက်ရှိရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အဆင်ပြေ ချောမွေ့မှုရှိစေရေးတို့ အတွက် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

ဇန်နဝါရီ ၂၆ ရက်တွင် သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ Tanker ဖြင့် ရောက်ရှိလာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ်ခွဲခန်းတွင် အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ရာ စမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) သည်  စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးစွဲသူ ပြည်သူများ နစ်နာမှုမရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီ မှန်ကန်မှု ရှိစေရေးအတွက် စိစစ်ထိန်းကျောင်း ကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်ဆီချောဆီများ၏ အရည်အသွေး ကိုက်ညီမှန်ကန်မှုရှိစေရေး တို့ကိုလည်း ထိန်းကျောင်းကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်