နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူ များကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် KNDF အဖွဲ့မှ အမျိုးသားသုံးဦး၊ အင်းလေးPDF အဖွဲ့မှ အမျိုးသားတစ်ဦး၊ ရှမ်း(တောင်)PDF အဖွဲ့မှ အမျိုးသားနှစ်ဦး၊ DPLA အဖွဲ့မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီးခြောက်ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် KNDF၊ အင်းလေး PDF၊ ရှမ်း(တောင်)PDFနှင့် DPLA အဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်း ဖက်အဖွဲ့များ၏ အကျိုးစီးပွား အတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ် ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ မိုးဗြဲ-ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တို့မှ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ခြောက်ဦး ပေါင်း ၂၄ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ ကျည်အိမ် သုံးခု၊ ကျည်တောင့် ၄၀ တို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် နှစ်လက်အတွက် ငွေကျပ်သိန်း ၁၀၀ နှင့် အလင်းဝင်ရောက် လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ၂၄ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း စုစုပေါင်းငွေကျပ် ၁၄၈ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြသူများကိုယ်စား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ အမျိုးသမီး
“အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင် အောင်ပန်းမြို့နယ်မှာ မိဘတွေနဲ့အတူနေထိုင်ပြီးတော့ ဒသမတန်းတက်ရောက်နေချိန်မှာ တစ်ရွာတည်းနေ သူငယ်ချင်းက စည်းရုံးခဲ့လို့ DPLA အကြမ်းဖက်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးဖြစ်တာကြောင့် တိုက်ခိုက်ရတာမျိုးမရှိဘဲ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတွေက ခွဲခြားဆက်ဆံတာတွေ၊ အာဏာပြဆဲ ဆိုတာတွေတော့ရှိပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် အဖွဲ့ထဲမှာနေထိုင်ရတာ ဘဝလုံခြုံမှုမရှိပါဘူး။ ခေါင်းဆောင်ပိုင်းများမှာလည်း အာမခံချက်နဲ့ လက်တွေ့လုပ်ဆောင်ချက်မှာ တူညီမှုမရှိဘဲ ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ အချိန်ကြာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းလာခဲ့ပါတယ်။ ကျွန်မအနေနဲ့ ခေါင်းဆောင်ပိုင်း တွေရဲ့ လုပ်ရပ်တွေကို သဘောမကျလို့ တပ်မတော်ထဲ အလင်းဝင်ရောက် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အလင်းဝင်ချိန်မှာတော့ ဝါဒဖြန့်ပြောထား သလို ရိုက်နှက်တာမျိုး၊ ထောင်ချတာမျိုးတွေ မရှိပါဘူး။ ကျွန်မတို့ ရောက်ရှိ လာတဲ့အချိန်ကျတော့ တပ်မတော်က တာဝန်ရှိသူတွေက သားသမီး တစ်ဦးသဖွယ် နွေးထွေးစွာ ပြောဆိုဆက်ဆံတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ် ဆက်ဆံတဲ့အတွက် လွန်စွာဝမ်းသာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အခုလိုအလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အခုလိုအလင်းဝင်ရောက် ပြီးတော့ မိသားစုနဲ့အတူ မြို့ရွာတွင်းမှာ အေးအေးချမ်းချမ်းနေထိုင်ပြီး ပညာဆက်လက်သင်ကြားကာ နိုင်ငံနဲ့လူမျိုးအပေါ် အကျိုးပြုနိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ။ အနာဂတ် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ မဟုတ်မမှန် ဝါဒဖြန့် ပြောဆိုစည်းရုံးမှုများကို နားမယောင်ကြဘဲ ရှေ့ဆက် လမ်းမှားကို မလျှောက်လှမ်းနိုင်ဖို့ရန် ပညာရေးကိုသာ ပြီးမြောက်အောင် သင်ကြားကာ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်အောင် နေထိုင်သွားဖို့ အကြံပြုလိုပါတယ်။”
၂။ အမျိုးသား
“DPLA အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော် DPLA အကြမ်းဖက်အဖွဲ့ကို မဝင်ရောက်ခင်အချိန်မှာ မိဘတွေနဲ့အတူ နေထိုင်ပြီး တောင်ယာ လုပ်ငန်း လုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၂ လပိုင်းလောက်မှာ အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တဲ့ DPLA အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးလူသစ်စုဆောင်းခဲ့မှုကြောင့် DPLA အကြမ်းဖက်အဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။ အကြမ်းဖက် သင်တန်းကို သီပေါမြို့နယ်အတွင်းမှာရှိတဲ့ တောတွင်းတစ်နေရာမှာ သင်တန်းတက်ရောက်ခဲ့ရပြီး နောင်ချိုမြို့နယ်ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံခဲ့ရတယ်။ TNLA အကြမ်းဖက်အဖွဲ့တွေကလည်း ကျွန်တော်တို့ DPLA အကြမ်းဖက်အဖွဲ့ တွေကို လူမျိုးရေး ခွဲခြားဆက်ဆံတာ လုပ်တဲ့အပြင် နောင်ချိုမြို့နယ်မှာ တပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ကိုယ့်အသက်မသေအောင် ပုန်းအောင်းနေထိုင်ခဲ့ရတယ်။ အဲဒါကြောင့် အကြမ်းဖက်အဖွဲ့ထဲက ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ တပ်မတော်ထံ အလင်းဝင်ရောက်ဖို့ စိတ်ကူးမိခဲ့ပါတယ်။ တပ်မတော်ထံ ကို အလင်းဝင်ရောက်သွားသူတွေကို သတ်ပစ်တာတွေ၊ ထောင်ထဲပို့တာ တွေ လုပ်တယ်လို့ ဝါဒဖြန့်ပြောကြားထားလို့ အလင်းဝင်ဖို့ စိုးရိမ်မိတယ်။ ဒါပေမယ့်လည်း အမှန်တကယ် အလင်းဝင်လာတဲ့ အချိန်မှာ သတ်ပစ်တာ မျိုး၊ ထောင်ချတာမျိုးတွေ မရှိပါဘူး။ ကျွန်တော် ရောက်ရှိလာတဲ့အချိန် မှာတော့ တပ်မတော်မှ တာဝန်ရှိသူတွေက နွေးထွေးစွာ ပြောဆိုဆက်ဆံ တယ်။ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အကြမ်းဖက်အဖွဲ့ထဲက ဓနုလူမျိုး လူငယ်တွေကို တောထဲမှာနေပြီး အကြောင်းမဲ့ သေဆုံးရမယ့် အစား မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်း နိုင်ဖို့၊ တပ်မတော်နဲ့လက်တွဲပြီး အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ် ပါတယ်ခင်ဗျာ။”
သတင်းစဉ်


