မိုးနဲ ဖေဖော်ဝါရီ ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံ ရှားမီးပူဇော်ပွဲကို လွယ်ပြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းနှင့် နာဟောင်ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားတို့၌ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

တပို့တွဲ လပြည့်ညသည် အလွန်ချမ်းအေးလွန်းသောကြောင့် ဘုရားရှင်အား မီးအလှူပွဲ၊ မီးကုသိုလ်ပြုပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ပြည်သူများက မိမိ၏နေ့နံ ဂြိုဟ်တိုင်ရှေ့တွင် ထင်းချောင်း(ရှား) အသက်စေ့ ပူဇော်လှူဒါန်းခဲ့ကြသည်။

 

စည်ကားလျက်ရှိ

ရှားမီးပူဇော်ရာတွင် ထင်းအဖြစ် ရှားသားအစား ရေတမာရှားမီးဖြင့် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်ပြီး ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းမှ ရိုးရာတိုးနရားအက၊ ကိန္နရီ ကိန္နရာအကများဖြင့် ဖျော်ဖြေခဲ့ရာ လာရောက်ပူဇော်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)