ရန်ကုန် ဖေဖော်ဝါရီ ၂

 

မြန်မာ့လက်ဖက်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်​ရေး ယူနက်စကိုသို့ တင်သွင်းရန် အ​ထောက်အကူအဖြစ် မြန်မာ့လက်ဖက်ပွဲတော်စာနယ်ဇင်းရှင်းလင်းပွဲကို ယ​နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ စိမ်းလန်းစိုပြည်ပန်းခြံ၌ ပြုလုပ်သည်။

 

မြန်မာ့လက်ဖက်ကို ယူနက်စကို တင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်ပေါ်ဒေသကထွက်တဲ့ လက်ဖက်အစိုစားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသား​တွေ သာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှစ်သက်ဖွယ်ရာအစားအစာ တစ်ခုအဖြစ် သိမြင်လာစေဖို့အတွက် အခုလို လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သတ်မှတ်ပေးဖို့ တင်သွင်းခြင်းဖြစ်ပါတယ်။ ဒီနှစ် မတ်လပိုင်းလောက်မှာ တင်သွင်းမှာဖြစ်ပါတယ်ဟု မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ​ဒေါ်စန္ဒာခင် က ပြောသည်။

 

ယူနက်စကိုသို့ တင်သွင်းနိုင်ရန် လိုအပ်သည့် အထောက်အထားများ၊ ထောက်ခံချက်များ စသည်တို့ကို စုဆောင်းလျက်ရှိပြီး အချို့မှာ ရာခိုင်နှုန်း ၈၀ ခန့်အထိ ပြီးစီးနေပြီဖြစ်သည်။

 

ထို့ပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး မြန်မာ့လက်ဖက်ပွဲတော်ကို ပြုလုပ်မည်ဖြစ်သည်။

 

အဆိုပါ မြန်မာ့လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ဖက်နှင့်ပတ်သက်သည့် အစားအစာများ၊ လက်ဖက်နှင့်ပတ်သက်သည့် စကားဝိုင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသူရ