နေပြည်တော် ဖေဖော်ဝါရီ ၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်း စစ်ချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများက Virtual စနစ်ဖြင့် ပါဝင် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုပွဲတော်ကို MSME လုပ်ငန်းကော်မတီက တာဝန်ခံ၍ နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အေဂျင်စီများနှင့် ပူးပေါင်းချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်း ဒေသကြီး/ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာ အစားအစာ ရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ်သုံး မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်/ သုံးဘီး ဆိုင်ကယ်ပြခန်းများ၊ အထည်ချုပ် ပြခန်းများ၊ ကုမ္ပဏီပြခန်းများ အပါအဝင် စုစုပေါင်း ပြခန်းပေါင်း ၁၂၆ ခန်းခန့် ပြသရောင်းချသွားမည် ဖြစ်ကြောင်း။
ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျင်းပရေးဗဟိုကော်မတီနှင့် ကဏ္ဍအလိုက် ကျင်းပရေး လုပ်ငန်းကော်မတီ ၁၁ ခုကို ဖွဲ့စည်းထားပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြခန်းများအား အချိန်မီ ခင်းကျင်းပြသ ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် အခက်အခဲဖြစ်နေသည့် ဆုံးဖြတ်ရန် လိုအပ်မှုရှိနေသော လုပ်ငန်းများကိုလည်း ထည့်သွင်းပြောကြား ပေးစေလိုကြောင်း၊ ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အားကြိုးမာန်တက် ကြိုးစား ဆောင်ရွက်ကြရန်၊ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ကြရန်၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ တင်ပြပြီး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စု နယ်မြေ နေပြည်တော် ပြခန်းတာဝန်ခံများက မိမိတို့ ပြခန်းအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ပေးကြရန် ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၏ MSME ထုတ်ကုန်ပစ္စည်းများကို အချိန်မီ ခင်းကျင်းပြသနိုင်ရေးအတွက် စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ပစ္စည်းများ၊ ရိုးရာအစားအစာများ ပြတ်လပ်မှုမရှိစေရေး ကြိုတင် စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ရိုးရာအစားအစာများသည် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဗဟို ကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကျင်းပရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှု၊ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းကော်မတီအလိုက် သတ်မှတ်ထားသည့် လုပ်ငန်း တာဝန်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တိုင်းဒေသကြီး/ ပြည်နယ် အေဂျင်စီဥက္ကဋ္ဌများက MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ MSME ဒေသထွက်ကုန်များ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ မြင့်မားရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကို အခြေခံ၍ MSME လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်း စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် အစားထိုးနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်တွင်း စီးပွားရေး ကောင်းမွန်စေရေးနှင့် အလုပ်အကိုင် ပေါများစေရေး ဆောင်ရွက်ရန်၊ ဒေသအလိုက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


