မော်လမြိုင် ဖေဖော်ဝါရီ ၂

 

၂၀၂၆ ခုနှစ် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် သဘာပတိအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး သဘာပတိအဖွဲ့ဝင်တစ်ဦးက မွန်အမျိုးသားနေ့ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ဒေသခံ မွန်တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက မွန်စာပေပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ကြပြီး ၂၀၂၇ ခုနှစ် အကြိမ်(၈၀)မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည့် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာသို့ မွန်အမျိုးသားအလံကို လက်ဆင့်ကမ်းလွှဲပြောင်း ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ မင်းရွာကျေးရွာ မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာအတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ပုံတူစေတီတော်မြတ် ရွှေထီးတော်တင်လှူ ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေ ကဇာတင်မင်္ဂလာနှင့် မွန်ရိုးရာ အိမ်သစ်တက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် မြစေတီစာသင်တိုက်ကြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိမလ ဗုဒ္ဓိထံမှ ဧည့်ပရိသတ်များက သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက စိန်ဖူးတော်နှင့် ရွှေထီးတော်တို့ကို လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်နှင့် ရွှေထီးတော်တို့ကို စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပြည်နယ်(ပြန်/ဆက်)