နေပြည်တော် ဖေဖော်ဝါရီ ၃
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်းစစ်သည်များအား အလေးပြုကြသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန်အတွင်း နေရာယူကြပြီး သူရဲကောင်း စစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြကာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန် (နေပြည်တော်)၌ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယနေ့ နံနက်ပိုင်းတွင် Jasmine Naypyitaw Hotel ၌ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေတို့က ရုရှား Astra ကုမ္ပဏီအဖွဲ့မှ Mr. Nilolai Prnishnikov ဦးဆောင်သော အဖွဲ့အားလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုရှားနိုင်ငံ မီဒီယာဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ Ms.Lyudmila KATSURO ဦးဆောင်သော အဖွဲ့အားလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည် ထွက်ခွာသွားကြရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


