နေပြည်တော် ဖေဖော်ဝါရီ ၃

 

အလုပ်သမားဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်စေရေး၊ ဝန်ထမ်းများအချင်းချင်း ပိုမိုစည်းလုံးညီညွတ်စေရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ကားပတ်လမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ ထမနဲထိုးပွဲသည် စည်ကားသည့် အထင်ကရ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်စဉ်ကျင်းပလေ့ရှိကြကြောင်း၊ ထမနဲထိုးပြိုင်ပွဲသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အဖွဲ့ဝင်များအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ အသင်းများအားလုံးအနေဖြင့် မိမိတို့အသင်း၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် တက်တက်ကြွကြွပါဝင် ယှဉ်ပြိုင်ကြရန် မှာကြားသည်။

 

ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်းခုနစ်သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေး သတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ကြရာ ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်၍ ပျော်ရွှင်စွာ အားပေးကြသည်။   

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်