ပဲခူး ဖေဖော်ဝါရီ ၃
၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို လည်းကောင်း၊ ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ၏ စည်းလုံးမှု စုပေါင်းအားဖြင့် ထမနဲထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့်အထက် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုအသင်းနှင့် စီးပွားရေးရာဝန်ကြီးဌာန (ခ) အသင်းတို့ကို ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းစီနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ် သုံးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဒုတိယဆုရရှိသည့် ဥဿာမြို့သစ် (၇)ရပ်ကွက်အသင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ကို ဂုဏ်ပြုဆုငွေကျပ် ခုနစ်သိန်းစီ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တတိယဆုရရှိသည့် ဥဿာမြို့သစ် (၉)ရပ်ကွက် အသင်းနှင့် သယံဇာတရေးရာဝန်ကြီးဌာန (ဂ)အသင်းတို့ကို ဂုဏ်ပြုဆုငွေကျပ်ငါးသိန်းစီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်း ၃၃ သင်းကို ဆုငွေကျပ် တစ်သိန်းစီနှင့် ဂုဏ်ပြုအထူးဆုရရှိသော ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းကို ဆုငွေကျပ် နှစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်း၊ လူမှုရေးအသင်းအဖွဲ့မှ နှစ်သင်း၊ ဘုရားဂေါပကအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ငါးသင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင် အသင်း ၂၁ သင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်း ၄၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


