ရန်ကုန် ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ခြောက်ရက်တွင် ခရီးသွားပြည်သူများ လက်မှတ်ဝယ်ယူရာ၌ မြန်ဆန်ချောမွေ့စေရန် မြန်မာ့မီးရထားက အွန်လိုင်းစနစ်ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကြိုတင်လက်မှတ်များကို ရောင်းချပေးနေကြောင်း သိရသည်။

ခရီးသွားပြည်သူများ လက်မှတ် ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် အွန်လိုင်းမှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်အတိုင်း အကောင်အထည် ဖော်နိုင်ရန် ယခင်ကတည်းက ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်အဖြစ် ရန်ကုန်-နေပြည်တော်- မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် စီစဉ်ဆောင်ရွက် ပေးခဲ့သည်။ ဖေဖော်ဝါရီလ ပိတ်ရက်ရှည် ခရီးသွားကာလ၌ လက်မှတ်ဝယ်ယူရာတွင် ရန်ကုန်ဘူတာကြီးသို့ လာရောက်ရန် မလိုဘဲ အွန်လိုင်းမှ ဝယ်ယူနိုင်သည့် စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အွန်လိုင်းမှ နေ့စဉ်မှာ ယူလျက်ရှိသည်။

“ ဖေဖော်ဝါရီလ ပိတ်ရက်ခြောက်ရက်အတွင်း ခရီးသွားလာကြမယ့်ပြည်သူတွေ ခုနစ်ရက် ကြိုတင်ပြီး အွန်လိုင်းကနေ ရထားလက်မှတ် မှာယူနေတာရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစောင် ၅၀ ကျော်၊ ၂ ရက်နေ့မှာ အစောင် ၉၀ ကျော်နဲ့ ၃ ရက်နေ့ မှာ အစောင် ၈၀ ကျော် ကြိုတင်မှာယူနေတာတွေ ရှိပါတယ်။ အရင်လို လက်မှတ်ရုံကိုလာပြီး လက်မှတ်မရတာ မဖြစ်အောင်၊ အချိန်ကုန် သက်သာအောင်နဲ့ ပြန်အမ်းငွေ အတိအကျ ပြန်ရစေတဲ့အတွက် အွန်လိုင်းကဝယ်ယူမှုကို ရထားစီးပြည်သူတွေ သတိပြုမိလာကြပါပြီ။ ဒီလပိတ်ရက်မှာ ခရီးသွားလာမှုများမှာ ဖြစ်တဲ့အတွက် အထူးရထားတွေ ပြေးဆွဲဖို့လည်း စီစဉ်ထားတာရှိပါတယ်။ အွန်လိုင်းစနစ်ကို ခရီးသွားပြည်သူတွေ နှစ်သက်ကြတဲ့အ‌ပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တိုင်းဒေသကြီး မန်နေဂျာ ဦးယဉ်မင်းဦး က ပြောသည်။

အွန်လိုင်းစနစ်ဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ပတ်ကြိုတင် ရောင်းချပေးခဲ့သည့် ရထား လက်မှတ်များကို ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် ရန်ကုန်-မန္တလေး-ရန်ကုန် လူစီးအမြန်ရထားဖြစ်သည့် အမှတ်(၁၁)အဆန်/ (၁၂)အစုန်၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU အမြန်ရထားဖြစ်သည့် အမှတ် (၇)အဆန်/(၈)အစုန်၊ (၃၁)အဆန်/(၃၂)အစုန် နှင့် မန္တလေး-နေပြည်တော်-မန္တလေး အမြန်ရထားဖြစ်သည့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးအမြန်ရထားများ စီးနင်းနိုင်ရန် မြန်မာ့မီးရထားက ဝန်ဆောင်မှုပေးထားသည်။

ပြည်ထောင်စုနေ့မှ တရုတ်နှစ်သစ်ကူးနေ့ပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ခြောက်ရက်တာပိတ်ရက်အတွင်း ပုဂံသို့သွားရောက်လည်ပတ်ကြမည့် ခရီးသွားများအတွက် ရန်ကုန်ဘူတာကြီးမှ သောကြာနေ့ မွန်းလွဲပိုင်းနှင့် ပုဂံမှ အင်္ဂါနေ့တို့တွင် ရထားများ ပြေးဆွဲပေးလျက်ရှိပြီး ရုံးပိတ်ရက်ရှည် ကာလ၌ ပိတ်ရက်အစပိုင်းနှင့် နောက်ဆုံး ပိတ်ရက်တို့သည် ခရီးသွား စည်ကားများပြား လေ့ရှိသည်။

မြန်မာ့မီးရထားသည် ခရီးသွားလာကြမည့် ပြည်သူများ အွန်လိုင်းစနစ်ဖြင့် လက်မှတ် ဝယ်ယူနိုင်ရန် မိမိအသုံးပြုနေသည့် Browser တစ်ခုခုမှတစ်ဆင့် ortp.railways.gov.mm ကို ရိုက်နှိပ်၍ ORTP Website Link ကို ဝင်ရောက်နိုင်သည့်အပြင် သတ်မှတ်ထားသည့် QR Code ကို Scan ပြုလုပ်၍လည်း အဆိုပါ ORTP Website Link ကို ဝင်ရောက်နိုင်ရန် ဝန်ဆောင်မှု ပေးထားသည်။ ပင်မစာမျက်နှာ၌ မိမိသွားလိုသည့် ခရီးစဉ်ကို စတင်ရွေးချယ်ပြီး ORTPစနစ်နှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များ အတိုင်း ခရီးစဉ်များကို ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဥဿ၊ ဓာတ်ပုံ - ကိုလွင်