နေပြည်တော် ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။

ပါဝင်တက်ရောက်

သင်တန်းဖွင့်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)မှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ ပါဝင်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ လိုင်စင်ရဟိုတယ်များမှ သင်တန်းတက်ရောက်ပြီး သည့် အရေအတွက်မှာ ၅၆ ဒသမ ၁၈ ရာခိုင်နှုန်း ရှိသည့်အတွက် ကျန်ရှိနေသော ဝန်ထမ်းများလိုက်ပါ တက်ရောက်စေရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲမှု အပိုင်းတွင်သာမက ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဆက်သွယ်ဆက်ဆံရာတွင် ဦးဆောင်ဦးရွက်ပြုရသူများဖြစ်သဖြင့် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှု စွမ်းရည်မြင့်မားနေစေရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ယခုသင်တန်းကို ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးခြင်းဖြင့် ဧည့်သည်သစ်များကို ဆွဲဆောင်ရာတွင်လည်း အထောက်အပံ့ဖြစ်စေပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဟိုတယ်၏ ဝန်ဆောင်မှု ကောင်းမွန်ရေးနှင့် ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းနည်းပြများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ကြည့်ရှုအားပေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တုံဂပူရိဟိုတယ်၌ ကျင်းပသော အဆင့်မြှင့်တင်ထားသည့် ဧည့်သည်စာရင်း အချက်အလက်စနစ်ကို တာဝန်ယူဆောင်ရွက်မည့် ဟိုတယ်များမှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ အရာထမ်း၊ အမှုထမ်းများကို သင်ကြားသည့် စနစ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဧည့်သည်စာရင်း အချက်အလက်စနစ် အသုံးပြုနည်းအား လက်တွေ့သင်ကြား ပြသနေမှု အခြေအနေကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်