ပြည် ဖေဖော်ဝါရီ ၄

 

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး၊ လူမှုလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရန်အတွက် လူငယ်များ၏ အကြံပြုချက်များရရှိစေရန်နှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် လူငယ်များ၏ အခန်းကဏ္ဍများကို ဖော်ထုတ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲမှတစ်ဆင့် ရရှိသည့် အတွေ့အကြုံကောင်းများကို လေ့လာမှတ်သားရင်း နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ပြီး အနာဂတ်၏ ပဲ့ကိုင်ရှင်များ၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်က အမှာစကားပြောကြားပြီး လူငယ်ငြိမ်း ချမ်းရေးဖိုရမ် - ၂၀၂၆ မှတ်တမ်း ဗီဒီယိုကိုဖွင့်လှစ်ပြသကာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် အုပ်ချုပ်သူလူငယ် ကိုယ်စားလှယ်တစ်ဦးက ဖိုရမ်အတွေ့အကြုံအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် လူငယ်ကိုယ်စားလှယ်များက လက်နက်ကိုင် ပဋိပက္ခများလျှော့ချရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ခေါင်းစဉ်၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အားကစား၊လူငယ် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုင်ရာအသိပညာများ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်းနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုများမှတစ်ဆင့် ဟန်ချက်ညီ၍ ငြိမ်းချမ်းသော နိုင်ငံတော်ကို တည်ဆောက်ခြင်း ခေါင်းစဉ် ၊ သတင်းအချက်အလက် နည်းပညာ (IT)၊ ဉာဏ်ရည်တု နည်းပညာ (AI)၊ ဆိုက်ဘာ(Cyber)၊ အွန်လိုင်းလုံခြုံရေး (Online Security)၊ လူမှုကွန်ရက်မီဒီယာ (Social Media)၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေး ခေါင်းစဉ်များကို လူငယ်ငြိမ်းချမ်းရေးဖိုရမ် သို့တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ ဆက်လက်၍ အုပ်ချုပ်သူ လူငယ်ကိုယ်စားလှယ်တစ်ဦးက ဦးဆောင်၍ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် - ၂၀၂၆ လူငယ်ကြေညာ စာတမ်းအား သံပြိုင်ရွတ်ဆိုကြသည်။

 

ထို့နောက် လူငယ်မောင်မယ်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တာဝန်ရှိသူများက အကအဖွဲ့များနှင့် ဆွေးနွေးပြောကြားသည့် လူငယ်ကိုယ်စားလှယ်များကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)