နေပြည်တော် ဇွန် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ အကြား စိုက်ပျိုးရေး ထွက်ကုန်များ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ဇွန် ၁ ရက်မှ ၅ ရက် အထိ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ဇွန် ၁ ရက်တွင် ဘယ်လာရုစ် နိုင်ငံ မင့်စ်မြို့၌ ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E . Ivan Smilhin ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ အေးခဲ ပုစွန်များ ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့ရေး၊ ဘယ်လာရုစ်နိုင်ငံမှ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရေး၊ နေကြာနှင့် ဆီမုန်ညင်း စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဆီကြိတ်ခွဲထုတ်လုပ် ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဝါမှ ချည်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်း များနှင့် လယ်ယာသုံးစက်ကိရိယာ များ ထုတ်လုပ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဝါ၊ ကော်ဖီ၊ သရက်၊ ဒူးရင်း၊ ထောပတ်သီးနှံများ ထုတ်လုပ်မှုတွင် ဘယ်လာရုစ်နိုင်ငံ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ၊ သိပ္ပံကျောင်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့အတူ ဇွန် ၂ ရက်တွင် (၃၆) ကြိမ်မြောက် နိုင်ငံတကာ အထူး ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက် ပြီး တန်ဖိုးမြင့်အသားထုတ်ကုန် ပြခန်းများ၊ တန်ဖိုးမြင့်နို့နှင့် နို့ထွက် ပစ္စည်းပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာများ၊ ဆီမုန်ညင်း မျိုးစေ့နှင့် မုန်ညင်းဆီများ၊ နှမ်း ကြတ်စေ့မျိုးစေ့နှင့် ၎င်းမှ ထုတ်လုပ် သည့် လျှော်မျှင်များကို ကြည့်ရှုလေ့လာ၍ ပညာရှင်များ၊ လုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ နိုင်ငံပိုင် မုန်ညင်းဆီ ထုတ်လုပ်သည့် စက်ရုံအား သွားရောက်လေ့လာကြသည်။
အလားတူ ဇွန် ၃ ရက်တွင် မင့်စ်ဒေသအတွင်းရှိ Krakhmalsy Potato Processing Factory နယ်မြေ၏ ဟက်တာ ၁၁၀၀ ခန့်ရှိ အာလူးစိုက်ဧရိယာ၌ အစိုးရဌာနများ၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် အာလူးစိုက် တောင်သူများနှင့် စက်ရုံတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ၊ အာလူး ကြော်စက်ရုံအတွင်း အာလူးကြော် ထုတ်လုပ်မှု၊ Tolochinsky Canned Food Factory ၏ အာလူးရိတ်သိမ်းခြင်း၊ အချိုရည်ပုလင်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း၊ ဇွန် ၄ ရက်တွင် ဘာရာနိုဗစ်ချ်မြို့ရှိ Baranovichi Cotton Production Association ၏ ချည်မျှင်နှင့် အထည်စက်ရုံ၏ ချည်ထည်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်မှု၊ ဂိုရိုဒေယာမြို့ရှိ ဂိုရို ဒေးစကီး သကြားစက်ရုံတွင် သကြားမုန်လာမှ သကြားချက်လုပ်နေမှုနှင့် ဘေးထွက်ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုလေ့လာကြသည်။
ထို့အပြင် ဇွန် ၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ရောင်းချမှုအဖွဲ့ ဥက္ကဋ္ဌ H.E. Ms. Nadzeya Lazar-evich နှင့် အဖွဲ့နှင့် တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံမှ လိုအပ်လျက် ရှိသည့် မြန်မာ့ Arabica ကော်ဖီ နှင့် ဝါဂွမ်းများ တင်ပို့နိုင်ရေး၊ ဆီမုန်ညင်း စိုက်ပျိုးထုတ်လုပ်ရေး၊ နှစ်နိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် လယ်ယာသုံးထွန်စက် ကြီးများ သရုပ်ပြပွဲကို သွားရောက် ကြည့်ရှုလေ့လာကြပြီး ဘယ်လာ ရုစ် စိုက်ပျိုးရေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်လေးခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ Student Exchange Program နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများသည် ဇွန် ၁ ရက်က ကျင်းပခဲ့သည့် Joint Working Group အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးကြသည်။
ဇွန် ၈ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်


