ဘားအံ ဇွန် ၈
ကရင်ပြည်နယ်တရားလွှတ်တော် တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက တရားရုံးတစ်ရုံး၏ လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အခန်းကဏ္ဍသာမက စာရေးဝန်ထမ်းများ၏ လုပ်ဆောင်ချက်မှာလည်း အရေးကြီးသည့်အတွက် ကြိုးကြိုးစားစားသင်ယူပြီး မိမိတို့၏ အသိပညာ၊ အတတ်ပညာများနှင့် ပေါင်းစပ်၍ နိုင်ငံတော်နှင့် တရားရေးဌာနကို အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့်အတူ သင်တန်းသား သင်တန်းသူ ၁၈ ဦး တက်ရောက်ခဲ့ကြပြီး နှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


