ဇွန် ၉

ဥဇဘက်ကစ္စတန်နိုင်ငံ ကက်ရှ်ကာဒါရီယာဒေသရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကာရှီခရိုင်တွင် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး  မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်နောက်ဆက်တွဲမီးလောင်မှုကြောင့် မော်တော်ယာဉ်လေးစီးနှင့် မြေအောက် လောင်စာဆီသိုလှောင်ကန်နှစ်ကန် ပျက်စီးခဲ့ကြောင်း ကနဦးအကဲဖြတ်ချက်များအရ သိရသည်။ ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် တုံ့ပြန်မှုအစီအမံများကို စီစဉ်ညွှန်ကြားရန် အစိုးရကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို