ဇွန် ၉
အာဖဂန်နစ္စတန်တစ်ဝန်းတွင် ပြီးခဲ့သည့် သီတင်းပတ် ၁၀ ပတ်အတွင်း ဖြစ်ပွားခဲ့သော ရာသီအလိုက် ရေကြီးရေလျှံမှုနှင့် ဆက်စပ်သဘာဝဘေးအန္တရာယ်များကြောင့် ၃၀၁ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ၃၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ ဘေးအန္တရာယ်များသည် အခြေခံအဆောက်အအုံများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ထိခိုက်စေခဲ့သည်ဟု သိရသည်။
အိမ်ခြေ ၂၀၀၀ နီးပါး လုံးဝပျက်စီးခဲ့ပြီး နောက်ထပ် ၇၁၈၇ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းနှင့် လမ်းအရှည် ကီလိုမီတာ ၅၈၀ ခန့် ရေလွှမ်းမိုးခံခဲ့ရပြီး လယ်ယာမြေဧက ၃၀၃၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံတစ်ဝန်း မိသားစုပေါင်း ၁၈၈၁၂ စု ထိခိုက်ခဲ့ရသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အများဆုံး ကြုံတွေ့ရသော နိုင်ငံများတွင် ပါဝင်ပြီး ရုတ်တရက် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မိုးခေါင်ရေရှားမှုများနှင့် နှင်းထုပြိုကျမှုများကြောင့် အသက်များဆုံးရှုံးရလေ့ရှိသည့်အပြင် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေပြီး မိသားစုများစွာကိုလည်း ရွှေ့ပြောင်းနေထိုင်စေခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


