နေပြည်တော် ၂၃  ဧပြီ

 

နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၃ ခုမှ ဆန်တန်ချိန်(၁ ဒသမ ၂)သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၁ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ကုမ္ပဏီ ၇၀ မှ ဆန်တန်ချိန်(၈ ဒသမ ၅)သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၈ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း။

 

နယ်စပ်မှ ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၅၅ ခုမှ ဆန်တန်ချိန်(၁ ဒသမ ၇)သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၅ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ကုမ္ပဏီ ၁၀၃ ခုမှ ဆန်တန်ချိန်(၁ ဒသမ ဝ၇)သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၉ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း။

 

အာဖရိကသည် ဆန်ကို စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း စားသုံးမှုသည် စိုက်ပျိုးထုတ်လုပ်နိုင်မှုထက် များပြားသဖြင့် အာရှဒေသရှိနိုင်ငံများထံမှ ပြန်လည် ဝယ်ယူတင်သွင်းရပါကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တင်ပို့သည့်နိုင်ငံများတွင် အာဖရိကနိုင်ငံ များလည်း အပါအဝင် ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများသည် အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အီတလီ၊ တရုတ်၊ ဥရုဂွေး၊ ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံ တို့ဖြစ်ပြီး ကမ္ဘာ့ဆန် တင်သွင်းမှုအများဆုံး နိုင်ငံများမှာ တရုတ်၊ ဘီနင်း၊ ဆော်ဒီ အာရေးဗီးယား၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွား များနိုင်ငံ၊ အင်္ဂလန်၊ တောင်အာဖရိကနှင့် အီရတ်နိုင်ငံ တို့ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ တိုးတက်ပြောင်းလဲလာသည့် Global စီးပွားရေးစနစ်တွင် စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပြီး မြန်မာ့လယ်ယာ ကဏ္ဍတွင်လည်း စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာရှိနေရာ တောင်သူများ၊ ကုန်သည်များနှင့် နိုင်ငံတော်ပါ အကျိုးဖြစ်ထွန်းနိုင်ရေးအတွက် ခိုင်မာသည့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရေးပိုမို ကြိုးပမ်းလုပ်ဆောင်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း။

 

မြန်မာ့ဆန်စပါး ကုန်သွယ်မှုကဏ္ဍသည် လုပ်ငန်းနယ်ပယ် အလွန်ကျယ်ပြန့်သောကြောင့် ရှုပ်ထွေးမှုများ၊ စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် အကန့်အသတ်များစွာဖြင့် ဆောင်ရွက်နေရပြီး အဆိုပါကိစ္စများအား အဆင်ပြေချောမွေ့စွာ ကျော်ဖြတ် ဆောင်ရွက်သွားနိုင်ရန် အထူးလိုအပ်ပါကြောင်း။

 

1

 

အိုင်ဗရီကိုစ့်တွင် ဖျက်ဆီးခံရသည့်ဆန်များကို မြန်မာနိုင်ငံကကုမ္ပဏီ(၃)ခုထံမှ ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ်သည့် Olam International Co.Ltd က FOB စနစ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အာဖရိကတိုက် Guinea တွင် ရောင်းရန်ဖြစ်ပါကြောင်း၊ ဆန်တင်သည့် သင်္ဘောသည် မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၂၀ဝ၀ ကိုတင်ဆောင်၍ ရန်ကုန်ဆိပ်ကမ်းက ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထွက်ခွာခဲ့ပြီး  Guinea ဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆန် များကို သင်္ဘောချရာ၌ တန်ချိန် ၄၀ဝ၀ ချပြီးနောက် ဆန်အလေးချိန် မပြည့်ဆိုသည့် ပြဿနာပေါ်သည်ဟု သိရပါကြောင်း။

 

အာဖရိကနိုင်ငံများသို့ လှည့်လည်ရောင်းချရာတွင်လည်း လက်မခံနိုင်သည်ဟု သိရပါကြောင်း၊ ဆန်အိတ်များသည် ကီလို ၅၀ ရှိရမည်ဖြစ်၍ ၄၅ ကီလိုသာရှိသည့်အတွက် လက်မခံဘဲ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဝယ်ယူတင်ပို့သည့် ကုမ္ပဏီ၊ ဆန်အရည်အသွေးနှင့် အလေးချိန်စစ် ဆေးသည့် Inspection Agency ၊ ဝယ်ယူသူ Byuer များ၏  အားနည်းချက်ကြောင့် ဖြစ်သည်ကို  ဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ဖြစ်စဉ် နောက်ထပ်မဖြစ်စေရန် စနစ်တကျ စီစဉ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆန်တင်ပို့သည့် ကုမ္ပဏီကြီးများ၊ အရည်အသွေးစစ်ဆေးသည့် အဖွဲ့အစည်းများမှ အကြံဉာဏ်များ တင်ပြဆွေးနွေးရန် ပြောကြားလိုပါကြောင်း။

 

နိုင်ငံတကာ ဆန်စပါးဈေးကွက်ကြီးများသည်လည်း ဈေးကွက်ရရှိရေးကို အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ခိုင်မာသည့်ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဆန်များတင်ပို့နိုင်ရေးကို  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့အစည်းများမှ ပိုမိုတွန်းအားပေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တိုးမြှင့်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ဆန်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ပါကြောင်း၊ မည်သည့် ပြဿနာမှ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပါကြောင်း၊ ယခုအိုင်ဗရီကိုစ့်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာနှင့် ပတ်သက်၍ မြန်မာ့ဆန်ပုံရိပ် မကျဆင်းစေရေး၊ ရေရှည် တည်တံ့သည့် ဆန်တင်ပို့မှုစနစ်ဖြစ်ပေါ်ရေး၊ ဆန်စပါးကြိတ်ခွဲမှု အရည်အသွေး ပြည့်မီရေး၊ အလေအလွင့်နည်းပါးရေး၊ အလေးတင်းတောင်း မှန်ကန်မှုရှိရေး၊ သယ်ယူပို့ဆောင်မှုကောင်းမွန်ရေး မြန်မာ့ဆန်ပြည်ပဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သည့်စနစ်နှင့် အဖွဲ့အစည်းများထားရှိဆောင်ရွက်နိုင်ရေးကို အဖြေရှာ၍ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 

 

1

 

 

ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ကိုယ်စားလှယ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက အိုင်ဗရီကိုစ့်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ့ဆန်နှင့် ပတ်သက် ၍ ပြည်တွင်းပြည်ပ စားသုံးသူများ၏ စိုးရိမ်ထိတ်လန့်မှုနှင့် လေ့လာတွေ့ရှိချက်များ၊ အသင်းချုပ်အနေဖြင့် မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ ရှင်းလင်းတင်ပြခဲ့မှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ သင်္ဘောများဖြင့် ဆန်တင်ပို့ခဲ့မှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ ဆန်ကြိတ်ခွဲတင်ပို့မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ် စိစစ် လေ့လာသွားမည့်အခြေအနေ၊ အလေးချိန်မှန်ကန်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်နေမှု၊ နိုင်ငံတကာဆန်ဈေးကွက် အခြေအနေနှင့် မြန်မာ့ဆန်ပုံရိပ်ကို ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

           

ယင်းနောက် တက်ရောက်လာသူများက ဆန်သင်္ဘောတင်ပို့မှုကိစ္စ၊ သင်္ဘောတင်ရန် စစ်ဆေးခြင်းကိစ္စ၊ သယ်ယူပို့ဆောင်သိုလှောင်ခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပြည်ပသို့ ဆန်တင်ပို့သည့်ကုမ္ပဏီများနှင့် Inspection Agency များမှ ကိုယ်စားလှယ်များ၊ ဆန်စပါးကျွမ်းကျင် ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)