၂၃ ဧပြီ

 

အာဖဂန်ပြည်နယ် နှစ်ခုရှိ သီးခြားစစ်ဆင်ရေးများတွင်  စစ်သွေးကြွ ၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဖဂန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

အန်ဒါခရိုင် ကွာလာအီရှာ ကျေးရွာရှိ အာဖဂန်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ကိုထောက်ခံသည့်အနေဖြင့်နေတိုးဦးဆောင်သော ညွန့်ပေါင်းအစိုးရတပ်ဖွဲ့က  ဂါဇနီပြည်နယ် အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ တာလီဘန်စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် တာလီဘန်တို့ ထိန်းချုပ်ကွပ်ကဲသော နေရာကိုဖျက်ဆီးခဲ့ကြောင်း ထိုကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် အာဖဂန်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့က ဂီလန်နှင့် ဂါဇနီနာဝါခရိုင်များတွင် ယမန်နေ့ညက ညပိုင်းစီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဟက်ကာနီ စစ်သွေးကြွအုပ်စု၏ နာမည်ကြီး တပ်မှူး မူလ်လဟ်ရာမာဒန်  သေဆုံးခဲ့ပြီး ၎င်း၏တပည့်ဖြစ်သူ မိုဟာမက်ရာဟမ် ဒဏ်ရာရရှိခဲ့ကာ စစ်သွေးကြွနှစ်ဦး အဖမ်းခံခဲ့ရကြောင်း  ယင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

အမေရိကန်နိုင်ငံသည် တာလီဘန်စစ်သွေးကြွအုပ်စု၏ လက်ရုံးတစ်ခုဖြစ်သော ဟက်ကာနီအုပ်စုကို စစ်သွေးကြွအုပ်စုအဖြစ် ၂၀၁၂ ခုနှစ်က သတ်မှတ်ခဲ့သည်။

 

ညွန့်ပေါင်းတပ်ဖွဲ့တစ်ဖွဲ့က  အာဖဂန်နိုင်ငံ၏ မြို့တော် ကဘူးလ်၏ တောင်ဘက် ၁၂၅ ကီလိုမီတာအကွာ ဒိုင်ယက်ခ်ခရိုင်ရှိ တာလီဘန်တို့၏လက်နက်ခဲယမ်းသိုလှောင်ရုံ တစ်ရုံကို လေကြောင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

 

ဘာသာပြန် - မြင့်မြင့်ချို

ကိုးကား-ဆင်ဟွာ