နေပြည်တော်  ၂၃  ဧပြီ

 

ပုဂံဒေသတစ်ခုလုံးရေရှည် အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။        

 

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်  အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ဇွန် ၃၀  ရက်မှ ဇူလိုင် ၁၀ ရက်ထိ ကျင်းပမည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံဒေသနှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးကို ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် UNESCOသို့ တင်သွင်းထားသည့် မူဘောင်များနှင့်အညီ ပုဂံဒေသတစ်ခုလုံး ရေရှည် အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသကို မထိခိုက်စေနိုင်သည့်၊ လုပ်ငန်းရှင်များနှင့်ဒေသခံ တစ်နိုင်တစ်ပိုင် လုပ်ကိုင်လို သူများလည်း လုပ်သာကိုင်သာရှိစေရေး နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးနိုင်ပါရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံ သက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသမထိခိုက်စေရေး နှင့် ဒေသတွင်းနှင့်နိုင်ငံသားလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)