ရန်ကုန် ၂၃ ဧပြီ
ရန်ကုန်မြို့ ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်း၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ကျူးပြသသည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို မတ်လ ၄ ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒို့အိမ် လူမှုအဖွဲ့အစည်းထံမှ သိရသည်။
ဒို့အိမ်၏ ၇ ခုမြောက်ဖြစ်သည့် နောက်ဖေးလမ်းကြားဥယျာဉ်အစီအစဉ်ကို ရန်ကုန်မြို့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား (အလယ်ဘလောက်) ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ဆွစ်ဇာလန်သံရုံး၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ဖေးလမ်းကြားသန့်ရှင်းရေးနှင့် ကွန်ကရစ်ခင်းခြင်းများအပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ၊ လမ်းသူလမ်းသားများ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၌ နောက်ဖေးလမ်းကြားဥယျာဉ်များ အကောင်အထည်ဖော်နေမှုနှင့် ပတ်သက်၍ “ဒီအစီအစဉ်ကို လုပ်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကနေ ဒီဇိုင်းဆွဲပေးတာမျိုးမဟုတ်ဘဲနဲ့ ဒီနေရာကို အနာဂတ်မှာ ဘယ်လိုပုံစံမျိုးရှိစေချင်လဲ။ ဒီနေရာရဲ့ အားသာချက်တွေက ဘာလဲ၊ ဒီနေရာမှာ ဘယ်လိုအပိုင်းလေးတွေ ပါဝင်ရင်ကောင်းမလဲဆိုတာကို ကျွန်တော်တို့က ရပ်ကွက်မှာနေတဲ့၊ အနီးပတ်ဝန်း ကျင်မှာနေတဲ့သူတွေနဲ့ ဆွေးနွေးပွဲလေးတွေ လုပ်ပြီးတော့မှ တစ်ဆင့်ချင်းသွားတာမျိုးပါ။ နောက်ဆုံးဒီဇိုင်းလေး ရလာတော့မှ အဲဒီ ဒီဇိုင်းကို အကောင်အထည်ဖော်ဖြစ်တာပါ” ဟု ဒို့အိမ် လူထုဆက်ဆံရေးနှင့်ဆက်သွယ်ရေးအရာရှိ ကိုကျော် စည်သူက ပြောကြားသည်။
ယခုဖွင့်လှစ်မည့် နောက်ဖေးလမ်းကြားဥယျာဉ်အစီအစဉ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးပုံရိပ်များ ပါအောင်ပြုလုပ်ထားပြီး မြန်မာနိုင်ငံရှိ မတူညီသည့် ပထဝီဝင်မြေပြင် အနေအထားများဖြစ်သော တောင်တန်းပုံများ၊ ပင်လယ်ပုံများ၊ တောအုပ်ပုံများအပြင် အဓိက ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ဧရာဝတီလင်းပိုင်၊ လိပ်များ၊ အာရှဆင်၊ ကျားပုံကို ရောင်စုံပန်းချီများဖြင့် လှလှပပ ဖန်တီးထားမည်ဖြစ်ကြောင်း သိရသည်။
(၇) ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ကိုကျော်စည်သူက “ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် တခြားကမ္ဘာနိုင်ငံတွေမှာ မရှိတဲ့ ဇီဝမျိုးစိတ်တွေ တွေ့နိုင်တယ်။ မြန်မာ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားဆိုရင် တစ်နေရာနဲ့တစ်နေရာ လုံးဝကွဲပြားတယ်။ တစ်ချို့နေရာတွေမှာ တောင်တန်းတွေရှိတယ်။ တစ်ချို့နေရာတွေမှာ ပင်လယ်တွေ မြစ်ချောင်းတွေ တောအုပ်တွေ အစုံရှိတဲ့အတွက်ကြောင့် ဒါတွေကို လူတွေပိုပြီးသိမြင်လာပြီး တန်ဖိုးထားတတ်ဖို့ဆိုတဲ့ သဘောမျိုးနဲ့ပါ” ဟု ပြောကြားခဲ့သည်။
ဒို့အိမ်အနေဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် အများ ပြည်သူဆိုင်ရာနေရာများ ဖန်တီးရေးတို့ကို အဓိကထားလုပ်ဆောင်လုပ်လျက်ရှိသော လူမှုအကျိုးပြုအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ စတင်စဉ်က ရန်ကုန်မြို့လယ်ခေါင်ဧရိယာအတွင်း အဓိကထား လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ကင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်ပါ လူမှုအကျိုးပြု အစီအစဉ် များ လုပ်ဆောင်လာခဲ့ပြီး လှိုင်မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များသို့ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒို့အိမ်၏ ၈ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်အစီအစဉ်ကို လမ်း ၃၀ နှင့် ဗိုလ်ဆွန်ပက်လမ်း (အထက်ဘလောက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မေလ ၂၀ ရက်ခန့်တွင် ဖွင့်လှစ်နိုင်ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါနေရာတွင် လူငယ်များအတွက် စုစည်းရာနေရာတစ်ခုအဖြစ် ဖန်တီးသွားရန် စီစဉ်ထားပြီး လူငယ်များ စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် အနုပညာ၊ ဂီတ၊ အားကစား စသော တက်ကြွလှုပ်ရှားမှုကို ဦးစားပေးသည့်နေရာတစ်ခုအဖြစ် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - ထင်ပေါ်ဝင်း(ကမာရွတ်)


