ရန်ကုန် ၂၃  ဧပြီ

                                                                                                                       

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ဟိုတယ်များ အဆင့်အတန်း မြင့်မားစေရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက်ရေးကို ရည်ရွယ် ၍ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအမှတ်တံဆိပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကမ္ဘာ့ခရီးသွားအဖွဲ့အစည်း UNWTO မှကျွမ်းကျင်ပညာရှင်ဖြစ်သူ Dr.Dumitris Koutoulas က Destination Marketing and Branding in Tourism ခေါင်းစဉ်ဖြင့် ခရီးသွားလုပ်ငန်းများတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ ခရီးသွားဒေသများကို ဈေးကွက်ဖော်ဆောင်ရာတွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းနှင့် အေဂျင်စီများ၏ အခန်းကဏ္ဍ၊ ခရီးသွားဒေသများကို မဟာဗျူဟာမြောက် ဈေးကွက်ဖော်ဆောင်မှုတွင် ဆောင်ရွက်ရမည့် အချက်များ၊ မိမိတို့ဒေသရှိ ခရီးသွားနေရာများကို အများသိရှိစေရန် လုပ်ဆောင်ရာတွင် ကျင့်သုံးရမည့်အချက်များ၊ နိုင်ငံတကာခရီးသွားများ နှစ်သက်မည့် အချက်အလက်များကို စုဆောင်းခြင်းနှင့် အောင်မြင်သည့် ခရီးသွားဒေသ တစ်ခုဖြစ်လာစေရန် ဆောင်ရွက်ရမည့် အချက်များကို ခေါင်းစဉ်များခွဲ၍ ရှင်းလင်းဟောပြောသည်။

           

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းက Dr.Dumitris Koutoulas အား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုးက “ ခရီးစဉ်ဒေသဖွံဖြိုးတိုးတက်ရေးက အလွန်အရေးကြီးပါတယ် ဒီကဏ္ဍမှာ အခြေခံအဆောက်အအုံပိုင်း၊ ဟိုတယ်နဲ့ စားသောက်မှုအပိုင်း ၊ ခရီးသွားလမ်းညွှန်တွေရဲ့ အပိုင်းတွေ သာမက ခရီးသွားလာမှုတို့ပါ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်၊ ဒါတွေအပေါ် မှာစုပေါင်းပြီး နိုင်ငံရဲ့ခရီးသွားလုပ်ငန်း ဘယ်လို ရေရှည်ဖွံ့ဖြိုးတိုးတက်မလဲဆိုတာ မူတည် လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟုသုံးသပ်သည်။

 

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းကလည်း နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပြီး Dr.Dumitris Koutoulas က ဟိုတယ်လုပ်ငန်း ဆောင်ရွက်မှု တွင်အဓိကကျသည့် အချက်အလက်များ အကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့်အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ညီနောင်အသင်းများ တက်ရောက်ကြသည်။

 

သတင်း-မြတ်စန္ဒီ

ဓါတ်ပုံ-ရဲထွဋ်