အမေရိကန်နဲ့ စင်ကာပူမှာ အဖွင့်သီတင်းပတ်အတွင်း ဝင်ငွေစံချိန်တင်ခဲ့တဲ့ Black Widow

အမျိုးသမီး လူစွမ်းကောင်းတစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Black Widow ရုပ်ရှင်ဟာ လတ်တလော ရုံတင်ပြသခဲ့ရာမှာ အမေရိကန်နဲ့ စင်ကာပူနိုင်ငံတို့မှာ ဝင်ငွေစံချိန်သစ်တင်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့မင်းသမီးတစ်ဦးဖြစ်သူ စကားလက်ဂျိုဟန်ဆန်အနေနဲ့ Black Widow အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခြားသော လူစွမ်းကောင်းတွေ မပါဝင်တဲ့ ပထမဆုံးသော Black Widow ရုပ်ရှင်သစ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုံတင်ပြသခဲ့ရာ ကမ္ဘာတစ်ဝန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရရှိခဲ့ပါတယ်။

အဆိုပါရုပ်ရှင်သစ်ဟာ အမေရိကန်မှာ ပြသခဲ့ရာ ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၈၀ ရရှိခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေ စဉ်ကာလအတွင်း ရုံတင်ပြသခဲ့ကြတဲ့ ရုပ်ရှင်တွေအနက် အဖွင့်သီတင်းပတ်မှာ ဝင်ငွေအကောင်းဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ Black Widow ရဲ့ ဝင်ငွေဟာ မကြာသေးမီက ပြသခဲ့တဲ့ F9: Fast & Furious Sega ရဲ့ ဝင်ငွေနဲ့ အခြားသော အမျိုးသမီးလူစွမ်းကောင်း ရုပ်ရှင်တစ်ခုဖြစ်တဲ့ Wonder Woman ရုပ်ရှင်သစ်တို့ရဲ့ ဝင်ငွေကို ကျော်လွန်ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ စင်ကာပူမှာလည်း အဆိုပါရုပ်ရှင်ဟာ စတင်ပြသခဲ့တဲ့ ဇူလိုင် ၉ ရက်မှ အဖွင့်သီတင်းပတ် ကုန်အထိ ရရှိခဲ့တဲ့ဝင်ငွေဟာ F9: Fast & Furious Sega ရဲ့ ဝင်ငွေကို ယှဉ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

အေးပြည့်