ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 

mdn

နေပြည်တော် ဇူလိုင် ၂၃

ယနေ့သည်မြန်မာသက္ကရာဇ်၁၃၈၃ခုဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖြစ်တော်မူစဉ် နေ့ထူးရက်မြတ်များ ရှိသောနေ့ဖြစ်ပြီး ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွား၊ ကောင်းကျိုးများဝေစည်စေမည့် သာသနာတော်ဆိုင်ရာ ထူးခြားသည့်အခါတော်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားသော ဖြစ်စဉ်တော်များမှာ တုသိတာနတ်ပြည်၌ သေတကေတုအမည်ရသောနတ်သား နတ်သက်စုတေပြီး ကပိလဝတ်ပြည် သာကီဝင်မင်းမျိုးတို့၏ဘုရင် သုဒ္ဓေါဒနမင်းကြီး၏မိဖုရားခေါင်ကြီး မယ်တော်မာယာ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားအဖြစ် ပဋိသန္ဓေယူသောနေ့ဖြစ်သည်။ သိဒ္ဓတ္ထ မင်းသားသည် ၁၆ နှစ်အရွယ်မှ ၂၉ နှစ်အရွယ်အထိ နန်းစည်းစိမ် ၁၃ နှစ်ခံစားတော်မူပြီး နိမိတ်ကြီးလေးပါးကို မြင်တွေ့ရာမှ မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆို လပြည့် တနင်္လာနေ့တွင် တောထွက်တော်မူသည်။ 

တောထွက်တော်မူပြီး ဒုက္ကရစရိယာ ခြောက်နှစ်တာကျင့်၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အတုမရှိဘုရားဖြစ်တော်မူရာ မဟာဗောဓိပင်မှ ၁၈ ယူဇနာ (၁၄၄ မိုင်ခန့်)ဝေးကွာသော မိဂဒါဝုန်သို့ ခြေကျင်ကြွတော် မူသည်။ သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်တွင် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္က ပဝတ္တနသုတ္တန်(ဓမ္မစကြာ) တရားဦးကို ဟောတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့် နေ့သည် ဘုရားအလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာ ကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရရဟန်း စတင်ပေါ်ထွန်းသောနေ့ဟူ၍ ထူးကဲသော ဝိသေသများဆောင်ကြဉ်းသဖြင့် ဤဝါဆို လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် အပေါင်းတို့က ကောင်းမှုအထူးပြု၍ ကောင်းကျိုးများကို ရယူသင့်ကြပေသည်။

ထို့အပြင် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ဝါဆိုတော်မူစဉ် အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာတို့ကို ဝါဆိုလပြည့်နေ့တွင် ပြတော်မူသည်။ ထို့ကြောင့် ပြည်သူ ပြည်သား သူတော်ကောင်းများအနေဖြင့် ဝါဆိုလပြည့်နေ့ ဤနေ့သို့ရောက်တိုင်း သဒ္ဓါတရား ပေါက်ရာ နေ့ထူးအခါတော်တို့ကို နှလုံးသွင်း၍ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုကာ ကြည်ညိုပူဇော်ခြင်းဖြင့် ကောင်းခြင်းမင်္ဂလာ ဝေဖြာစေမည်ဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်စဉ် တော်များနှင့် ထေရဝါဒ ဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလ၊ အထူးခြားဆုံးနေ့ဖြစ်၍ ကောင်းမှု ကုသိုလ်များကို အလေးအနက်ထား ပွားများရမည့်အချိန်အခါဖြစ်ပါသည်။

ထိုမျှသာမက ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းမှု အထူးပြုလုပ်ရန်နှင့် ရဟန်းသံဃာတော် များအဖို့ ကျင့်ဝတ်သိက္ခာပုဒ်တို့ကို အထူး စောင့်ထိန်းရမည့် ဝါတွင်းသုံးလကာလအစဖြစ်၍ အထူးအရေးပါသည့် နေ့လည်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအဖို့ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်း ကြပြီး ရှောင်ရန်/ကျင့်ရန်တို့ကို အထူးပြုလုပ်ကြသည်။ ဝါတွင်းကာလ၌ ကောင်းမှု ကုသိုလ်များကို အထူးပြုလုပ်ကြ သည်ဆိုသော်လည်း ကောင်းမှုကုသိုလ်ဟူသည် အချိန်အခါမရွေး မင်္ဂလာနေ့ထူးဖြစ်၍ ရက်အခါမရွေးဘဲ ပြုလုပ်သင့်ကြပေသည်။ ယနေ့အချိန်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို လူအများ ကြုံတွေ့ခံစားနေကြရ သည်ဖြစ်၍ ရောဂါဘေးအန္တရာယ်များမှကင်းဝေးစေရအောင်ကျန်းမာရေးစည်းကမ်း တို့ကို လိုက်နာရုံမျှမက ဘာသာတရားကို အထူးအလေးထားခြင်းဖြင့် ကပ်ရောဂါ ဘေးမှ ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ထား ကြသည်။

ကောင်းသောအမှုကို ပြုလုပ်ခြင်းသည် ကောင်းသောအကျိုးကို ခံစားစေ နိုင်မည်ဖြစ်သည်။ ဘဝအကြောင်းဖန် သံသရာဝဋ်ကြွေးမှလွဲ၍ ရောဂါကင်းဝေး နိုင်အောင် ကျန်းမာရေးလည်း အထူးအလေးထား၊ ဝါတွင်းကာလ အတွင်း၌လည်းကောင်းမှုကုသိုလ်များကို အထူးပွားများအားထုတ်သင့်ပါသည်။ သို့ဖြစ်ရာ ဤဝါဆို လပြည့် ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဖြစ်စဉ်တော်မှ ထူးခြားသောအခါသမယ များစွာတို့နှင့် ကြုံကြိုက်နေသည်ဖြစ်ရာ မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ကောင်းမှု အထူးများ ပွားများအားထုတ်ခြင်းဖြင့် ပစ္စုပ္ပန်/သံသရာ ကောင်းကျိုး နှစ်ဖြာ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ