ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကောင်းမွန်၍ ကျင်းမှိုများ ပေါက်အားကောင်းနေပြီး ရှာဖွေရောင်းချသူများ ဝင်ငွေကောင်း

ညောင်ဦး စက်တင်ဘာ ၂၁

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် သဘာဝအတိုင်းပေါက်သည့် ကျင်းမှိုများ ပေါက်အားကောင်းနေပြီး  ရောင်းချရာတွင်လည်း ဈေးနှုန်းကောင်း၍ မှိုရှာဖွေရောင်းချသူများ ဝင်ငွေကောင်းနေကြကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဗြူကြီးကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။

           

ယခုနှစ်မှာ “ကျွန်တော်တို့ ညောင်ဦးမြို့နယ်မှာ မိုးရွာသွန်းမှုကောင်းခဲ့လို့ နှစ်စဉ် တော်သလင်းလအတွင်း သဘာဝအတိုင်း ပေါက်လေ့ရှိတဲ့ ကျင်းမှို အရပ်ခေါ်(မှိုထိပ်နက် ၊ မှိုဖြူ)များ ပေါက်အားကောင်းပြီး မှိုတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ နှုန်း ရောင်းချရလို့ မှိုရှာဖွေရောင်းချသူများ ဝင်ငွေကောင်းနေကြပါတယ်။ တစ်ရက်လျှင် အနည်းဆုံး ကျင်းမှို (၃ ၊ ၄ )ပိဿာအထိ ရှာဖွေရရှိပြီး ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးမြို့သို့ သွားရောက်ရောင်းချကာ သဘာဝအတိုင်းပေါက်သည့် ကျင်းမှိုကို မြို့ပေါ်ရှိပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြသဖြင့် ရောင်းချရာတွင်လည်း အဆင်ပြေပါတယ်” ဟု ငါ့သရောက်မြို့  ဗြူကြီးကျေးရွာမှ ကျင်းမှိုရှာဖွေရောင်းချသူ ဦးကျော်ဆင့်က ပြောသည်။

           

“ဒီရာသီက မှိုပေါက်တဲ့ရာသီဆိုတော့ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိအောင် မှိုရှာဖွေရောင်းချရတာပေါ့ဗျာ။ မှိုရှာဖွေရောင်းချရာမှာလည်း ကျွန်တော်တို့ဒေသမှာတော့ ကျင်းမှို အရပ်ခေါ် (မှိုထိပ်နက် ၊ မှိုဖြူ)ကိုသာ ဈေးကောင်းရလို့ အားထား ရှာဖွေရောင်းချကြပါတယ်။ ဟိုတစ်နေ့ကဆို မှိုကျင်းတွေ အများကြီးတွေ့လို့  ကျောက်ပန်းတောင်းမြို့ကို သွားရောင်းတာ မှိုဖိုးရောင်းရငွေ ငါးသိန်းကျော်လောက်ရပါတယ်။ ကျင်းမှိုက တစ်ကျင်းဆိုရင် အနည်းဆုံး တစ်ပိဿာခွဲ ၊ နှစ်ပိဿာလောက် ရပါတယ်။ ကျင်းမှိုက သဘာဝအတိုင်း ပေါက်တဲ့မှိုဆိုတော့ လူကြိုက်များပြီး ရောင်းရတာလဲ အဆင်ပြေပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။ 

           

ညောင်ဦးမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့ခြင်းကြောင့် သဘာဝအတိုင်းပေါက်သည့် ကျင်းမှိုများ ပေါက်အားကောင်းသည့်အပြင် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသဖြင့် ကျင်းမှိုရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

                                                                                                                               

ရဲဝင်းနိုင် ( ညောင်ဦး )