အောင်မြေသာစံမြို့နယ်တွင် မိုးရွာသွန်းမှုများကြောင့် ထနောင်းပင်တစ်ပင် ပြိုလဲမှုဖြစ်ပွား

မန္တလေး စက်တင်ဘာ ၂၁

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မိုးရွာသွန်းမှုများကြောင့် စက်တင်ဘာ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်း၊ ၁၁လမ်းနှင်၁၂ လမ်းကြား၌ လုံးပတ်(၄)ပေခန့်၊ အမြင့်(၃၅)ပေခန့်ရှိ ထနောင်းပင်တစ်ပင် ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင် ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲ(၄)တပ်ခွဲမှူး ကျော်ဝင်းပါ တပ်ဖွဲ့ဝင်(၁၅)ဦး၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်ပါ အဖွဲ့ဝင်(၁၀)ဦး၊ ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှူး(၁) ဦးကျော်ဇေဟန်ပါ (၅)ဦးတို့မှ အုပ်ချုပ်မှုယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ရှင်းလင်းရာ နေ့လယ် ၁၂ နာရီတွင်ရှင်းလင်းပြီးခဲ့ပြီး အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ 

ဇော်လင်းဦး(အောင်စံ)