၂၀၂၂ ခုနှစ်တွင် တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှု မြောက်ကိုရီးယားနိုင်ငံ ပြန်လည်စတင်ဖွယ်ရှိ

ပြုံယမ်း အောက်တိုဘာ ၁၈

 

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ပြန်လည်စတင်ဖွယ် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးပြောကြားကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

နျူကလီးယားလက်နက်များနှင့် ဒုံးကျည်များ အပါအဝင် မြောက်ကိုရီးယားနိုင်ငံ စစ်တပ်အင်အား၏ လက်ရှိ အခြေအနေအား ဆန်းစစ်ခဲ့သော အစီရင်ခံစာတစ်စောင်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထောက်လှမ်းရေ လက်ရုံးဖြစ်သည့် ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြောက်ကိုရီးယား ခေါင်းဆောင်များက နျူကလီးယားလက်နက်များသည် အစိုးရရှင်သန်ရေးအတွက် အလွန်အရေးကြီး သည်ဟု ရှုမြင်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံသည် လာမည့် နှစ်တွင် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ် မှုကို မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း အဆိုပါအစီရင်ခံစာက ဖော်ပြထားသည်။

 

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် ပိုမိုအားကောင်းသော လောင်စာသုံးပဲ့ထိန်းဒုံးကျည်သစ်များအား တိုးတက်စေရန် လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်းလည်း အဆိုပါအစီရင်ခံစာက ထပ်လောင်း ဖော်ပြထားသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း နိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်ဖွံ့ဖြိုးရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဇန်နဝါရီလအတွင်းက ကြေညာခဲ့ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်