အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃၈ ဦးရှိ

ဂျကာတာ ဇူလိုင် ၁၉

 

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၂၅၇ ဦးထပ်မံတွေ့ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သည့်တစ်ရက်အတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုသည် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း နေ့စဉ်ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၉၁၁၇၃၃ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၇၄၉၂၀ ရှိကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၃၂၂၁၇ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၂၂၉၃၈၇၅ ဦးရှိလာကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ပြည်နယ် ၃၄ ခုစလုံးသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများလည်း ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်