စိုက်ပျိုးထုတ်ကုန်တိုးရေး ဝိုင်းဝန်းကြိုးပမ်း

mdn

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိကထုတ်ကုန်များသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ဖြစ်သည်။ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ယင်းလုပ်ငန်းများနှင့်ဆက်နွယ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အကယ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ် အဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတစ်ဝန်း လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရန် ရေမြေသဘာဝကောင်းမွန်သည့်အပြင် သဘာဝ သယံဇာတများလည်း ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများသည် အကန့်အသတ်များ ရှိနေသောကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်ခြင်းဖြင့် လူမှုစီးပွားဘဝ အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ခုနစ်ဘီလီယံခန့်ရှိပြီး အစဉ်အမြဲလူဦးရေ တိုးပွားနေသောကြောင့် နိုင်ငံတိုင်းတွင် စားသောက်ကုန် လိုအပ်ချက်များရှိနေမည် ဖြစ်သည်။ ထို့ကြောင့် စားသောက်ကုန်ထုတ်လုပ်ရေးသည် မတိမ်ကောသော လုပ်ငန်းဖြစ်ပြီး အဆင့်မြှင့်တင် တိုးတက်ထုတ်လုပ်ပါက စီးပွားဥစ္စာတိုးပွားလာမည်ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် သယံဇာတအရင်းအမြစ်များ မရှိသည့်နိုင်ငံများသည် ပြည်ပမှ မှာယူတင်သွင်းနေရပြီး ပြည်တွင်း၌ စားနပ်ရိက္ခာ အဆင်ပြေစေရေးအတွက် တီထွင်ကြံဆ လုပ်ကိုင်နေကြသည်။ ရေမရှိ၊ မြေမကောင်း သည့်နိုင်ငံများသည် ရေရရှိအောင်၊ စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် တီထွင်ကြံဆ ပြုလုပ်နိုင်သဖြင့် စိုက်ပျိုးသီးနှံပင်များ ထွက်ရှိနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့် ရေမြေရှိပြီး လူသားအရင်းအမြစ်များလည်းရှိသဖြင့် ကြိုးစား အားထုတ်ကြရန်သာ လိုပေသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၌လည်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ခဲ့ကြရာ ပြည်သူများအနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိတို့၏ အသက်မွေးဝမ်းကျောင်းကို မပစ်ပယ်ဘဲကြိုးပမ်း လုပ်ဆောင်ကြသည်ကို အတုယူရမည်။

 

နိုင်ငံရေးဘက်တွင် အာရုံစိုက်ပြီး စီးပွားရေးကိုပစ်ပယ်ထားလျှင် ပြည်သူများသာ ထိခိုက်နစ်နာကြမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်းအတွက် သာမက ကမ္ဘာ့ဈေးကွက်သို့ ပို့ဆောင်နိုင်ပြီး ပြည်ပဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးမြေဧက ၁၅ သန်း၊ နွေစပါးစိုက်ပျိုးမြေဧက နှစ် သန်းခန့်ရှိသည်။ မိုးစပါးစိုက်ဧက ၁၅ သန်းတွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိပါက လူဦးရေသန်း ၁၀၀ အတွက် လုံလောက်မှုရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာအတွက် ဆန်စပါးဖူလုံမှုရှိသည့် အပြင် အဆင့်မြင့်အရည်အသွေး ကောင်းပါက ပြည်ပသို့ အမြောက်အမြားတင်ပို့နိုင်သည်။ သို့သော် စပါးတစ်ဧက အထွက်နှုန်းသည် တင်း ၁၀၀ မပြည့်သည့်အတွက် ပြည်ပသို့ မျှော်မှန်းသလို တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

 

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက် ပေးရန်လိုကြောင်း လမ်းညွှန်မှာကြားထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့တာဝန်ယူထားသည့်ကာလအတွင်း စိုက်ပျိုးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ အခြား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးမပေါ်စေရန်အတွက် စီမံဆောင်ရွက်ပေးရန် ရည်မှန်းထားသည်။ သွင်းအားစုများ အသုံးပြုခြင်းနှင့် မျိုးကောင်းများ အသုံးပြုပြီး ကောက်ကွက် ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နိုင်က တောင်သူများ ဝင်ငွေပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဆန်စပါးအဓိကစိုက်ပျိုးကြသည့်အပြင် ဆီထွက်သီးနှံများနှင့် ဝါသီးနှံများလည်း စိုက်ပျိုးကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆီထွက်နှုန်းတိုးတက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပတ်သက်၍လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းနှင့် လိုအပ်သည့် ရေနှင့် မြေဩဇာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပမှ ချည်များတင်သွင်းမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများက စပါး စိုက်ပျိုးရေးအပြင် ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးရေးတို့ကို ကြိုးစားဆောင်ရွက်ကြပြီး သက်ဆိုင်ရာ တို့ကလည်း ဝိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် လိုအပ်သည်။

 

မြန်မာနိုင်ငံသည် ရေခံမြေခံ စိုက်ပျိုးရေး အခြေခံကောင်းများရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးပယောဂနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေရဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံ စီးပွားရေးကောင်းမွန်ရေးနှင့် ပြည်သူများ လူမှုစီးပွား အဆင်ပြေ ချောင်လည်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင် တိုးတက်ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ