ဂန့်ဂေါမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဂန့်ဂေါ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှစ၍ စတင်ထိုးနှံပေးနေကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း အဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား (Sinovac)အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ်  ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင်လည်းကောင်း၊ ကျောတိုက်နယ်ဆေးရုံနှင့် ဟံသာဝတီတိုက်နယ်ဆေးရုံ စသည်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် Yaw Rescue ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း၌ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၄၁) ကျောင်း၊ ဂန့်ဂေါတိုက်နယ်မှ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၇၄၉)ဦး၊ ကျောတိုက်နယ်မှ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း အဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၃၂)ဦးနှင့် ဟံသာဝတီ တိုက်နယ်မှ အခြေခံ ပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၅၀၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့ပြင် မှတ်ပုံတင်မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)