ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၁၉        

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုတ်၊ နနွင်း၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြပြီး ယခုနှစ်မိုးရာသီ၌ ဒွေးလှကျေးရွာတွင် ဒေသနှင့်ကိုက်ညီ သော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိရာ တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

           

ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁)၊ မကွေး(၁၁)၊ မြေပဲဧက(၃၉၀)  စိုက်ပျိုးထားပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ပိုးမွှားကင်းစင်ပြီး ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်းမျိုးသန့် မြေပဲမျိုးများ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် မြေပဲစတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ကွင်းဆင်းပြီး နည်းပညာများ အကူအညီပေးလျက်ရှိကြောင်း သိရသည်။

           

မြေပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့်(၆)တင်း စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ မျိုးအနေဖြင့် ငွေကျပ်(၁၂၀၀၀၀)၊ မြေပြင် ထွန်၊ ထယ်စရိတ်အဖြစ် (၅၅၀၀၀)ကျပ်၊ စိုက်စရိတ်အဖြစ် (၁၂၀၀၀)ကျပ် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက တင်း(၇၀)မှ တင်း (၈၀) အထိ ထွက်ရှိရာ ရောင်းဈေးအနေဖြင့် မြေပဲ တစ်တင်းငွေကျပ်(၂၀၀၀၀)ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ်ရောင်းမည်ဆိုပါက ဆီတစ်ပိဿာ ငွေကျပ်(၇၅၀၀) ဖြင့်ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒွေးလှကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးယဉ်မင်းထွန်းက ပြောပြသည်။

 

သက်မောင်(ကျောက်ဆည်)