ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်း ဇလဲကျေးရွာအနီးတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် (၂၂)ဘီကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား

ကျောက်ဆည်  စက်တင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ်(၃၆၅/၇)နှင့် (၃၆၆)ကြားတွင် ယနေ့နံနက်(၈)နာရီခန့်က ဂတ်စ်ငွေ့သယ်ဆောင်လာသည့် FUSO အမျိုးအစား (၂၂)ဘီးကားတစ်စီး အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှယာယီရဲမှူးမြင့်စိုး၊ အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်တာဝန်ရှိသူများက မီးသတ်ယာဉ်(၃)စီးနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဦးဝင်းနိုင်တွင် ဝဲဘက်ပေါင်နှင့် ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်နောက်လိုက် ဝေဇင်ထွန်းတွင် ယာဘက်လက်မောင်းပေါက်ပြဲဒဏ်ရာများ ရရှိကြောင်း သိရှိရသည်။

 

ဂတ်စ်ငွေ့သယ်ယာဉ်သည် ရန်ကုန်သီလဝါဆိပ်ကမ်းရှိ အီလိုက်ကုပ္ပဏီမှ ဂတ်စ်ငွေ့များ သယ်ဆောင်လာပြီး မန္တလေးမြို့(EFF) ကုပ္ပဏီသို့ သယ်ယူလာစဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူနှင့်အခြား တိရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)