ကျောက်ဆည်၌ သံပရိုစိုက်ပျိုးအောင်မြင် သုံးနှစ်အတွင်း အသီးဆွတ်ခူးနိုင်

ကျောက်ဆည် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ကိုင်း၊ ကျွန်းမြေများတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ တံတားလည်ရပ်ကွက်မှ သံပရို စိုက်ပျိုးသူများ ဈေးကောင်းရလျက်ရှိကြောင်း သံပရိုခြံ စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

“တစ်နှစ်သားအရွယ် သံပုရိုပင်တစ်ပင်ကို ငွေကျပ်ငါးရာနဲ့ ဝယ်ပြီး အပင် ၁၀၀ စိုက်ပျိုးထားတာ အပင်သုံးနှစ်သားမှာ စတင်ခူးခွတ် ရောင်းရပါတယ်။ စတင်ခူးဆွတ်ချိန်က တစ်ခါဆွတ် အလုံး ၅၀၀ ရပါတယ်။ အပင်တွေကြီးလာရင် လေဝင်လေထွက်ကောင်းပြီး အသီးလှဖို့အတွက် တစ်ပင်နဲ့တစ်ပင် ၁၈ ပေခြားပြီး အတန်းလိုက် စိုက်ပျိုးပါတယ်။ အပင်ငယ်တဲ့အချိန်မှာ ပေါင်းမြက်ရှင်းရတာတွေရှိပြီး ရေကြိုက်နှစ်သက် တာကြောင့် အစိုဓာတ်မပြတ်သွင်းပေးရပြီး လိုအပ်တဲ့အခါ မြေဩဇာကျွေးပေးတာ၊ ကိုင်းခြောက်တွေ ရှင်းပေးရတာတွေ လုပ်ပေးရင် အပင်ကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်း ပိုကောင်းပါတယ်” ဟု သံပရိုခြံပိုင်ရှင် ဦးစိုးဝင်းက ပြောသည်။

ကျောက်ဆည်မြို့နယ်တွင် သံပရိုများကို ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး အပင်များ၏ အသီးသီးနှုန်းအပေါ်မူတည်၍ ခူးဆွတ်ရောင်းချလျက်ရှိရာ အသီးအရွယ်အစားအလိုက် အသီးတစ်လုံးလျှင် ငွေကျပ် ၈ ကျပ်မှ ၁၂ ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)