ကျောက်ပန်းတောင်းးမြို့နယ်၌ မိုးနှမ်းများ စတင်ရိတ်သိမ်း

ကျောက်ပန်းတောင်း ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ မိုးနှမ်းများ ရိတ်သိမ်းနေကြပြီး ရာသီဥတု ကောင်းမွန်သဖြင့် သီးနှံအထွက်နှုန်း ကောင်းသကဲ့သို့ ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်လျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးနှမ်းကို မိုးဦးကာလဖြစ်သည့် ဇွန်လ(ကဆုန်လဆန်း)က စတင်စိုက်ပျိုးခဲ့ကြပြီး ဩဂုတ်လ နောက်ဆုံးပတ် (ဝါခေါင်လကွယ်)တွင် စတင်ရိတ်သိမ်းကြကြောင်း သိရသည်။

“ ကျွန်တော်က နှမ်းလေးပြည် စိုက်ထားတယ်။ မြေပဲက နှစ်တင်းကျလောက်စိုက်ထားတယ်။ အခုထိတော့ အားလုံးကောင်းကြပါတယ်။ ကုန်ကျစရိတ် အနေနဲ့က ဒီနှစ် နှမ်းတစ်စိတ်ကျကို ထွန်းယက်ခ၊ ပေါင်းနုတ်ခနဲ့ ဆေးဖိုးတွေ ကုန်ကျစရိတ်က ငွေကျပ် တစ်သိန်းခွဲလောက်ရှိတယ်။ သီးနှံလေးရတဲ့အချိန် ဈေးကောင်းလေး ရရင်တော့ အဆင်ပြေမှာပါ” ဟု ဆယ့်နှစ်ရာသီပင်ကျေးရွာမှ တောင်သူ ဦးနေဝင်းက ပြောသည်။ လက်ရှိ နှမ်းဈေးနှုန်းမှာ နှမ်းအနက်က တစ်တင်းလျှင် ငွေကျပ် ၄၀၀၀၀၊ နှမ်းအနီ၊ အဖြူတစ်တင်းလျှင် ငွေကျပ် ၃၂၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ နှမ်းနက်မှာ ပြည်ပဈေးကွက် အဝယ်လိုက်မှုကြောင့် ဈေးကောင်းရသော်လည်း သက်တမ်းရှည်သည့်အတွက် တောင်သူများက စိုက်ပျိုးမှုနည်းပါးကြောင်း၊ ဈေးနည်းသော်လည်း သက်တမ်းတိုပြီး ငွေမြန်မြန် ရလွယ်သည့် နှမ်းအနီတို့၊ အဖြူတို့ကိုသာ အားထား စိုက်ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းလျာထားချက် ၁၂၁၁၅၁ ဧကဖြစ်ပြီး လက်ရှိ မြေပြင်စိုက်ပျိုးမှု စုစုပေါင်းမှာဧက ၁၃၂၉၁၀ ဖြစ်သဖြင့် လျာထားချက် ထက်ကျော်လွန်ကြောင်း သိရသည်။

ယခုအခါ နှမ်းရိတ်ရာသီဖြစ်သဖြင့် လက်လုပ် လက်စားတောင်သူများလည်း အဆင်ပြေလျက်ရှိကြောင်း၊ လုပ်အားခမှာ နေ့တစ်ဝက်လျှင် ငွေကျပ် ၁၀၀၀၊ ၁၅၀၀ ပေးရပြီး တစ်နေကုန် ငွေကျပ် ၂၀၀၀၊ ၃၀၀၀ ပေးရကြောင်းနှင့် အချို့အရပ်များတွင် ထွန်းယှဉ်းမြောင်းအလိုက် တစ်မြောင်းချင်းနုတ်ပြီး ငွေကျပ် ၃၀၀ ပေးရသည်များရှိသကဲ့သို့ အခင်းကျယ်သူများမှာ အခင်းပြတ် ငွေကျပ် ၅၀၀၀၀ မှ ငွေကျပ်တစ်သိန်းအထိ ပေးရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)