ခရမ်းသီး….ရခိုင်ဟင်း

၂၃ ဩဂုတ်

 

ခရမ်းသီးဟုဆိုရာ၌ ခရမ်းသီး၊ ခရမ်းခေါင်းသီး၊ ခရမ်းကြွပ် သီး၊ ခရမ်းကစော့သီးနှင့် ဆင်ခရမ်းသီးဟူ၍ မျိုးကွဲများရှိ သည်။ ခရမ်းကြွပ်သီးမှာ အလုံးသေးငယ်ပြီး အတို့အမြှုပ် အဖြစ် အသုံးများသည်။ လက်သန်းဖျားလောက်ရှိသည့် ခရမ်းကစော့သီးကိုမူ ပြုတ်၍လည်းကောင်း၊ အစိမ်းအတိုင်း သော်လည်းကောင်း သို့မဟုတ် မီးသင်း၍သော်လည်း ကောင်း အတို့အမြှုပ်အဖြစ် စားကြသလို လေးစိတ်ကွဲထု၍ လည်း ဟင်းလျာအဖြစ် စားသုံးကြ၏။

 

ခရမ်းသီး၊ ခရမ်းခေါင်းသီးနှင့် ဆင်ခရမ်းသီးကိုမူ ဟင်းလျာအဖြစ် အသုံးများသည်။ ခရမ်းသီးနှပ်နှင့် ခရမ်းသီး မီးအုံးသုပ်တို့မှာ လူကြိုက်များသော ဟင်းလျာများဖြစ်ကြ ၏။ ယခု ခရမ်းသီးရခိုင်ဟင်းမှာ ခရမ်းခေါင်းသီး (Green eggplant) ကို သုံးထားပါသည်။ တိုင်းရင်းသားဟင်းလျာ များ၌ ရခိုင်ချက်၊ ရခိုင်ဟင်းစသည်ဖြင့် အကြိုက်များကြ ကာ ဟင်းအရသာမှာ လေးလေးပင်ပင်နှင့် အစပ်ကဲထား သည့်အတွက် ခံတွင်းတွေ့လွယ်ခြင်းကြောင့် ဖြစ်လေသည်။ ထို့အပြင် ဆီအသုံးနည်းပြီး အများစုမှာ ဆီလွတ်ဟင်းလျာ များဖြစ်၍ ကျန်းမာရေးအရလည်း လျော်ညီပေသည်။

 

ခရမ်းခေါင်းသီးကို ရခိုင်ဟင်းချက်ရာ၌ အပေါ်ပိုင်း အညှာကိုဖြတ်ကာ လေးစိတ်စိတ်၍ ရေဆေးပြီးစစ်ထားပါ။ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတောင့်အညှာခြွေပြီး မညက် တညက်ထောင်းပါ။ မျှင်ငါးပိကို ရေဖျော်ပြီး အသင့်ပြင်ထား ပါ။ အားလုံးပြီးက ဒယ်အိုးတစ်လုံး၌ ခရမ်းသီးများထည့်ကာ ဆား၊ နနွင်း၊ ငရုတ်၊ ကြက်သွန်ထောင်းပြီးအရောကိုထည့် ကာ အနှံ့နယ်ပါ။ ပြီးလျှင် ရေဖျော်ထားသော မျှင်ငါးပိရေ လောင်းကာ အဖုံးအုပ်ပြီး ဖို၌တည်ပါ။

 

ဟင်းအိုးဆူက အထက်အောက်အနှံ့မွှေကာ အသီး နူးလောက်သည်အထိ ရေထည့်၍ချက်ပါ။ အသီးများ ပျော့ပျောင်းနူးအိပါက အရေစပ်စပ်လေးနှင့် ဖိုမှချကာ သုံးဆောင်နိုင်ပါပြီ။ နှစ်သက်သူများက နံနံပင်လေးခတ်၍ လည်း စားသုံးကြပါသည်။ ချိုချိုစပ်စပ် လေးလေးပင်ပင် အရသာထွက်သည့် ဒေသဟင်းတစ်မယ်ဖြစ်ပါသည်။ ရခိုင် ချက်ခရမ်းသီးဟင်းကို ဒေသအတွင်းရှိ အလှူအတန်းနှင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၌ တည်ခင်းသော အကျွေးအမွေးတွင် အရံဟင်းတစ်မယ်အဖြစ် ထည့်သွင်း ချက်ပြုတ်ကျွေးမွေးလေ့ရှိကြသည်။

 

စံလွင် (ငါးဦးစီး)