ရန်ကုန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် အသက်၆၅နှစ်နှင့်အထက် သက်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဦးစွာနေရပ်နှင့် အသက်အတည်ပြုပြီးနောက် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ။
ကမာရွတ်မြို့နယ်တွင် ၆၅ နှစ်နှင့်အထက် သက်ကြီး ၅၄၃၇ ဦးရှိပြီး ယမန်နေ့က စတင်ထိုးနှံခြင်းဖြစ်ရာ ၆၅ နှစ်နှင့်အထက် သက်ကြီး ၃၀ကျော် လာရောက်ထိုးနှံခဲ့၍ ယနေ့တွင် သက်ကြီးရွယ်အိုများ ဆက်လက် လာရောက်ထိုးနှံလျက်ရှိသည်။
“ဖြစ်လည်းဖြစ်ကြတယ်။ ဒီကာလကြီးမှာထိုးနှံပေးရတာ ကျွန်မတို့အားလုံး ပင်ပန်းကြပေမယ့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်။ အားလုံးတက်ညီလက်ညီ လုပ်ဆောင်နေကြတာကြောင့် ရောဂါလည်း ကျဆင်းသွားမှာပါ”ဟု ကမာရွတ်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောသည်။
ယခုလိုပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအထောက်အကူပြု အသင်းအဖွဲ့များဟူ၍ အဆိုပါ သုံးမျိုးကို ဦးစားပေးထိုးနှံခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရာ၌ ၆၅ နှစ်နှင့်အထက် သက်ကြီးအပါအဝင် လူဦးရေ ၇၂၈၃ ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။
ရဟန်းသံဃာ၊ သီလရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်၊ မီနီမားကက်ရှိ ဝန်ထမ်းများကို ဦးစားပေးကဏ္ဍအဖြစ် ကာကွယ်ဆေး ဆက်လက်ထိုးနှံမည်ဖြစ်ပြီး ဦးစားပေးထိုးနှံမှုပြီးစီးပါက အသက် ၁၈ နှစ်အထက် ပြည်သူတို့ကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ရာ ယနေ့တွင်လည်း ကမာရွတ်မြို့နယ် အမှတ် (၂) မူလတန်းကျောင်းသို့ အသက်၆၅ နှစ်အထက် သက်ကြီးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ ၊ ဓာတ်ပုံ - ကနူး