ကွမ်းအထွက်နည်းသည့် ရာသီဖြစ်သဖြင့် ကွမ်းဈေးများ ဆက်တိုက်မြင့်တက်နေ

ရန်ကုန် ဩဂုတ် ၂၄

ကွမ်းအထွက်နှုန်းသည့် ရာသီချိန်ဖြစ်သဖြင့် ကွမ်းဈေးများ ဆက်တိုက်မြင့်တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး ကွမ်းရွက်ဈေးကွက်မှ သိရသည်။

"ကွမ်းဈေး တော်တော် ပြန်တက်လာပြီ။ ဘာဖြစ်လို့ ဈေးတက်တာလဲဆိုတော့ ကွမ်းစိုက်တဲ့တောင်သူက ဒီအချိန်မှာ တော်တော်နည်းသွားပြီ။ ရန်ကုန်၊ သီရိမင်္ဂလာဈေးကို ဧရာဝတီတိုင်းကနေ တင်ပို့တဲ့ ကွမ်းရွက်ကားတွေ အဝင်နည်းသွားပြီ။ အဲ့ဒီတော့ ရောင်းလိုအားက နည်းပြီးတော့၊ ဝယ်လိုအားက တအားများနေတော့ ဈေးတက်လာတဲ့ သဘောပေါ့။ ဒါတောင် ကိုဗစ်ကာလ လူတွေအပြင်သိပ်မထွက်တော့ ကွမ်းယာဆိုင်အသေးတွေမှာ အရောင်းအဝယ် နည်းနည်းကျနေတဲ့ကာလမို့။ အရင်လို ပုံမှန်ကာလမျိုးမှာသာ အခုလိုကွမ်းရှားတာနဲ့ကြုံတယ်ဆို ဒီထက်မကကို ဈေးကောင်းရနိုင်တယ်။" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ကွမ်းခြံလုပ်ငန်း လုပ်ကိုင်သူ ကိုမင်းလွင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကုန်းတွင်းပိုင်းဒေသ (လယ်၊ ခြံ၊ ရေမမြုပ်သည့်နေရာ) များ၌ စိုက်ပျိုးသည့် ကွမ်းခြံများမှာ ဩဂုတ်လနောက်ဆုံးပတ်တွင်  ကွမ်းပြန်လည်စိုက်ပျိုးလေ့ရှိသည်။

"ဒီရာသီက စကောစက အချိန်လေ။ ကုန်းကွမ်းတွေကလည်း ဒီလထဲမှာမှ ပြန်စစိုက်ကြမယ့်အချိန် ဖြစ်နေသလို၊ ရေမြုပ်တဲ့ဒေသတွေက ကွမ်းတွေကျတော့လည်း ကွမ်းခူးရက် ရာသီချိန်ကုန်သွားပြီ။ ဒါ့ကြောင့် ကွမ်းအထွက်နှုန်း နည်းသွားတာ။ ဧရာဝတီတိုင်းထဲမှာကို ကွမ်းက နှစ်မျိုးရှိတယ်။ ကုန်းကွမ်းဆိုတာကတော့ ခြံတွေထဲစိုက်တာမို့ ၁၂ ရာသီ ရေမမြုပ်ဘူး။ ရေမြုပ်တဲ့ဒေသမှာ စိုက်တဲ့ကွမ်းတွေကျတော့ မြစ်ရေကျချိန်မှ စိုက်လို့ရတယ်။ ရေတက်ချိန်ဆို စိုက်တာရပ်ထားရတယ်။ ပြီးခဲ့တဲ့လကလည်း မိုးများတာကြောင့် ကွမ်းအထွက်နှုန်း ထင်သလောက် မကောင်းဘူး"ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။

ကွမ်းစိမ်း ပယ်ကြီး/ဆိုဒ်လွန် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်၊ ဆိုဒ်လတ် တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ဝန်းကျင်၊ ဆိုဒ်ပြည့်/ယာကွမ်း တစ်ပိဿာလျှင် ၁၁၀၀၀/၁၂၀၀၀ ကျပ် ဝန်းကျင်ဈေးနှုန်းများဖြင့် လက်ကားရောင်းဝယ် ဖောက်ကားနေကြောင်း သီရိမင်္ဂလာဈေးရှိ ကွမ်းဒိုင်များမှ သိရသည်။ 

သတင်းထောက် - နန်းထက်ထက်ချစ်