မင်းဘူး(စကု)မြို့နယ်မှ ငရုတ်စိုက် တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

မင်းဘူး ဇူလိုင်    ၁၈

မကွေးတိုင်ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်း၍ အဆင်ပြေလျက်ရှိကြကြောင်း ရေတွင်းကုန်းကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

ငရုတ်ပင်များသည် ရေမဝပ်တဲ့မြေ၊ သဲမြေများနှင့် နုန်းမြေများကို အကြိုက်ဆုံးဖြစ်ပြီး မြေစေးအသင့်အတင့်ပါတဲ့ မြေများ တွင်လည်း စိုက်ပျိုးနိုင်ကာ ရေမဝပ်စေဖို့အတွက် ရေထုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပေးရကြောင်း သိရသည်။ သဲမြေများ တွင် စိုက်ပျိုးမည်ဆိုပါက သစ်ရွက် သစ်ခက်များနဲ့ ပြုလုပ်ထားသည့် သဘာဝ မြေဆွေးများနှင့် နွားချေး၊ ဆိတ်ချေးများပါသော မြေဆွေးများ အလုံအလောက်ထည့်၍ စိုက်ပျိုးဖို့ လိုသည်။

ငရုတ်စိုက်ပျိုးရာတွင် ထွန်ယက်၍ တိုက်ရိုက်စိုက်ပျိုးကြသူများရှိသလို တချို့က ထွန်ရေးညက်ညက် ထွန်ယက်၍ မျိုးစေ့ချ စိုက်ပျိုးသူများနှင့် ပျိုးထောင်၍ ပျိုးပင်များကို ပေါင်ဆွဲပြီး စနစ်တကျ စိုက်ပျိုးသူများလည်း ရှိသည်။ ငရုတ်မျိုးစေ့များကို မျိုးစေ့ချ၍ စိုက်ပျိုးလျှင် ပျိုးပင်ထူထပ်သည့်နေရာများတွင် ပိန်လှီသေးငယ်နေသော အပင်ကလေးများကို လိုချင်တဲ့ အကွာအဝေးထားပြီး နုတ်ပေးရသည်။ သို့မှသာ ကျန်ရှိနေသည့် အပင်များ ဖြစ်ထွန်းကြောင်း သိရသည်။

ငရုတ်ပင်များကို ပျိုးပင်ပျိုး၍ စိုက်ပျိုးနည်းကတော့ ထယ်ရေး ညက်ညက်ထွန်ထားသည့် မြေပေါ်မှာ ပျိုးပင်သက် ရက် ၃၀ မှ ၄၅ ရက်သားအတွင်း ပြောင်းရွှေ့ စိုက်ပျိုးကာ စိုက်ပျိုးပြီး ၄/၅ ရက်ကြာလျှင် အပင်များ အမြစ်ဆင်းပြီဖြစ်၍ စိမ်းစို လန်းဆန်းလာကာ  ၁၂ / ၁၃ ရက်ကြာပြီးနောက် ရေသွင်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည်။ ငရုတ် ပင်များကို ၁၅ ရက်တစ်ကြိမ် မြေဆွခြင်းနှင့် မြေဩဇာကျွေးခြင်းကို ပြုလုပ်ပေးရသည်။

ငရုတ်ပင်များကို မျိုးစေ့ချစိုက်ပျိုးလျှင် ၃ လ၊ ပျိုးထောင် စိုက်ပျိုးလျှင် ၂ လအကြာမှာ ပန်းများစပွင့်၍ ပန်းပွင့်ပြီး နှစ်ပတ် အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်သည်။ ငရုတ်သီး အထွက်နှုန်းမှာ မြေအနေအထားနှင့် အပင်ကောင်းမှု အပေါ် မူတည်ကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ ကြားထွက်ရှိသည်။ ငရုတ်သီးစိမ်းမှာ  ပင်နံငရုတ်နှင့် ငရုတ်ပွ အတောင့်ရှည် မျိုးဟူ၍ နှစ်မျိုးရှိပြီး ပင်နံမျိုးမှာ တစ်ပိဿာလျှင် ၅၀၀၀ ဈေးရှိ၍ ငရုတ်ပွအတောင့်ရှည်မျိုးမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဈေးရှိပြီး ငရုတ်ဈေး ကောင်းသောကြောင့်  အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်း ကျေးရွာ ငရုတ်စိုက်တောင်သူ ကိုကျော်ကြီးက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)