မင်းဘူး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် ပဲစင်းငုံသီးနှံ လှိုင်လှိုင်ပေါ်ချိန်တွင် ပဲစင်းငုံတစ်တင်းကို ငွေကျပ် ၉၀၀၀၀ ကျော်ဖြင့် ရောင်းချနေရပြီး အရောင်းအဝယ်သွက်နေကြောင်း မင်းဘူးမြို့ရှိ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
ဒေသခံတောင်သူအများစုက ပဲစင်းငုံသီးနှံကို မိုးဦးရာသီမှ စတင်ပြီး မိုးသီးနှံ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း စသည့် သီးနှံတို့ဖြင့် သီးညှပ်စိုက်ပျိုးလေ့ရှိကြောင်း၊ ပဲစင်းငုံသီနှံကို တောင်သူ စိတ်ကြိုက် မျိုးများရွေးချယ်ပြီး မိုးသီးနှံများ စတင်စိုက်ပျိုးချိန် ကဆုန်လနှင့် နယုန်လများတွင် အပင်တန်းခြား၍ သီးညှပ်စိုက်ပျိုးနည်း စနစ်ဖြင့် ကြောင်းဆွဲစိုက်ပျိုးလေ့ရှိကြောင်း၊ ပဲစင်းငုံသီးနှံသည် (စိုက်ပျိုးရေးသွင်းအားစု) မျိုးစေ့ ကုန်ကျမှုသက်သာသည့် သီးနှံတစ်မျိုးဖြစ်သော်လည်း မိုးဦးရာသီ စတင်စိုက်ပျိုးချိန်မှစ၍ ခုတ်သိမ်းချိန်အထိ အချိန်အားဖြင့် (၈)လမှ (၉)လအထိ ကြာမြင့်ကြောင်း၊ ယခုနှစ် ပဲစင်းငုံဈေးကွက်မှာ တစ်တင်းကို ငွေကျပ် ၉၅၀၀၀ နှုန်းဖြင့် ရောင်းချရကာ သီးနှံအထွက်နှုန်း ကောင်းမွန်သည့်အတွက် ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်ပယ်ကျေးရွာမှ ပဲစင်းငုံစိုက်တောင်သူ တစ်ဦးထံက သိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ပဲစင်းငုံစိုက်တောင်သူ အများစုသည် ခုတ်သိမ်း၊ ခြွေလှေ့ပြီးချိန်တွင် မကွေးမြို့နှင့် မင်းဘူးမြို့ရှိ ပွဲရုံဈေးကွက်များသို့ သွားရောက်တင်ပို့ရောင်းချကြောင်း၊ ယခုလက်ရှိ မင်းဘူးမြို့ ပဲစင်းငုံဈေးကွက်တွင် ပဲစင်းငုံသီးနှံများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်းကို ငွေ ၉၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရောင်းချနေပြီး အရောင်းအဝယ်ကောင်းမွန်ကာ ယခင်နှစ်က ပဲစင်းငုံတစ်တင်းကို အမြင့်ဆုံး ငွေကျပ် ၁၃၀၀၀၀ အထိပေါက်ဈေးရှိခဲ့ကြောင်း မင်းဘူးမြို့ပန်းတောင်းပွဲရုံမှ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံကို ၄၃၁၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ဧကပေါင်း ၆၀၂၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ဧကပေါင်း ၁၇၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)