မြင်းခြံတက္ကသိုလ်အတွင်းရှိ Community Based Facility Quarantine Centre ၌ အသွားအလာကန့်သတ် စောင့်ကြည့်သူများအတွက် ညအချိန်တွင် ဂီတသံစဉ်များဖြင့် ဖျော်ဖြေပေး

မြင်းခြံ  ၂၉  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine စောင့်ကြည့်စခန်းတွင် နေထိုင်သူများအတွက် ညအချိန်တွင် ဂီတသံစဉ်များဖြင့် ဖျော်ဖြေရေးကို ယမန်နေ့ ည ၇ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

 

မြင်းခြံမြို့နယ် ဂီတအစည်းအရုံးအဖွဲ့မှ အဖွဲ့ဝင်များသည် မြင်းခြံတက္ကသိုလ် Community Based Facility Quarantine စောင့်ကြည့်စခန်းတွင် နေထိုင်သူများအား ပျော်ရွှင် အေးချမ်းစွာ နေထိုင်နိုင်ရန် မြို့နယ်ဂီတအစည်းအရုံးနှင့် အဖြူရောင်လက်များ ပရဟိတအသင်းတို့ ပူးပေါင်း၍ သွားရောက်ဖျော်ဖြေခဲ့ပြီး နောက်ရက်များတွင်လည်း ကျန်ရှိနေသေးသည့် စောင့်ကြည့်စခန်းများတွင် သွားရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။

 

မြင်းခြံတက္ကသိုလ် စောင့်ကြည့်စခန်းတွင် ၁၀၀ ဦး၊ အ.ထ.က(၃)ကျောင်း စောင့်ကြည့်စခန်းတွင် ၆၁ ဦး၊ စင်ရော်ဟိုတည် တွင် ၃၅ ဦး၊ မောင်ရင်ပေါ်ဘုန်းကြီးကျောင်းတွင် သံဃာ ၄ ပါး စုစုပေါင်း ၂၀၀ ဦးအား စောင့်ကြည့်ထားလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)