မြန်မာ MMA ကစားသမား ထီရယ်လ်ထန် တောင်ကိုရီးယားကစားသမားကို အမှတ်ဖြင့်ရှုံးနိမ့်

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-ONE Championship

 

ONE Championship အဖွဲ့အစည်းက စီစဉ်သည့် Battleground II အမည်ရ MMA ပြိုင်ပွဲကို သြဂုတ် ၂၇ ရက် ညပိုင်းက စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ကစားသမား ထီရယ်လ်ထန် ရှုံးပွဲကြုံတွေ့ခဲ့သည်။

 

ONE Championship နှင့်လက်တွဲအပြီး ထိုးသတ်ထားသည့် သုံးပွဲစလုံး အနိုင်ရထားသည့် ထီရယ်လ်ထန်သည် လေးပွဲမြောက်တွင် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ထီရယ်လ်ထန်သည် အကောင်းဆုံးကြိုးပမ်းခဲ့သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

 

ပထမအချီတွင် နှစ်ဦးစလုံး လက်သီးချက်များဖြင့် ရင်ဆိုင်ခဲ့ပြီး ဆောင်မင်ဂျောင်က ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ ပထမအချီပြီးခါနီးတွင် ဆောင်မင်ဂျောင် ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းသော်လည်း ထီရယ်လ်ထန် ရုန်းထွက်နိုင်ခဲ့သည်။

 

ဒုတိယအချီတွင် ထီရယ်လ်ထန် လက်ရည်ပိုသာခဲ့ပြီး ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်သည့် အနေအထားရှိခဲ့သော်လည်း ပွဲမသိမ်းနိုင်ခဲ့ပေ။ တတိယအချီတွင်မူ နှစ်ဦးစလုံး အားကုန်သွားပြီး အချီပြည့်ခါနီးတွင် ဆောင်မင်ဂျောင် နှစ်ကြိမ်တိုင် ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်သည့်အနေအထားရှိခဲ့သော်လည်း ထီရယ်လ်ထန် ရုန်းထွက်နိုင်ခဲ့သည်။

 

ထီရယ်လ်ထန်သည် တတိယအချီတွင် ပြိုင်ဘက်ကို ထိရောက်သည့်တိုက်ကွက်များဖြင့် မထိုးသတ်နိုင်ခဲ့ပေ။ သုံးချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ အမှတ်ပေးဒိုင်လူကြီးများက ဆောင်မင်ဂျောင် ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။