မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကျင်းပမည့်ရက် ထွက်ပေါ်

mdn

 

ရန်ကုန် ဇူလိုင် ၂၁ 

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကျင်းပမည့်ရက်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ယင်းခြေစစ်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် တတိယအဆင့်ခြေစစ်ပွဲဝင်ခွင့်အတွက် Play-off ပွဲစဉ်ကျင်းပမည်ဖြစ်သောကြောင့် တတိယအဆင့်ခြေစစ်ပွဲများကို လာမည့်နှစ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ Play-off ပွဲစဉ်များကို ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာတွင်ပြုလုပ်မည်ဖြစ်ပြီး တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကာ အုပ်စုခြောက်ပွဲအား အိမ်ကွင်းသုံးပွဲ၊ အဝေးကွင်းသုံးပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ မတ် ၂၄၊ ၂၉ ရက်၊ ဇွန် ၁၄ ရက်၊ စက်တင်ဘာ ၂၂၊ ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းအပါအဝင် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကူဝိတ်၊  ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကာဂျစ္စတန်၊ အိန္ဒိယ၊  ထိုင်း၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်၊  မော်လ်ဒိုက်၊ သီရိလင်္ကာ၊ နီပေါ၊  ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ကစားခွင့်ရထားပြီး အင်ဒိုနီးရှားနှင့် တရုတ်တိုင်ပေအသင်း၊ ဂူအမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကစားမည့်  Play-off ပွဲစဉ်မှ အနိုင်ရသည့်နှစ်သင်းမှာ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဇွန် ၁၅ ရက်က ပြီးဆုံးခဲ့သည့် ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် တတိယအဆင့်ခြေစစ်ပွဲကစားခွင့်ရထားသည့် အသင်း ၂၂ သင်း ထွက်ပေါ်ထားပြီး လေးသင်းမှာ Play-off ပွဲစဉ် ထပ်မံကစားကာ အနိုင်ရသည့်နှစ်သင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 

တတိယအဆင့်ခြေစစ်ပွဲကို  လေးသင်း ခြောက်အုပ်စုခွဲကာ ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုခြောက်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်တရုတ်အသင်းအပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် တတိယအဆင့်ေ့ခြစစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့သည့် ၁၂ သင်းမှာ ခြေစစ်ပွဲထပ်မံကစားစရာမလိုဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် ဆီးရီးယား၊ ကာတာ၊ သြစတြေးလျ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီး၊ တောင်ကိုရီးယား၊ အိုမန်၊ အီရတ်၊ ဗီယက်နမ်နှင့် လက်ဘနွန်အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့် ကစားခွင့်ရထားပြီး တတိယအဆင့်ခြေစစ်ပွဲမှ အသင်း ၁၃ သင်း ထပ်မံထွက်ပေါ်မည်ဖြစ်သည်။

 

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF