ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်း

ငါ့သရောက် အောက်တိုဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ဇူလိုင်လမှစ၍ မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်းကြောင့် ကျေးရွာများရှိ တောင်သူများ စိုက်ပျိုးထားသော ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ အဆိုပါ အောင်မြင်ဖြစ်ထွန်းနေသည့် ပဲစင်းငုံခင်းများတွင် ယခုအခါ ပဲစင်းငုံအထွက်နှုန်း ကောင်းမွန်စေရန် ပိုးသတ်ဆေးဖျန်းခြင်း၊ ပေါင်းနုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

ငါ့သရောက်မြို့၌ ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်းကြောင့် ကျေးရွာများမှ တောင်သူများစိုက်ပျိုးထားသော ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီး အပွင့်များမှာလည်း များစွာတင်လျက်ရှိကြောင်း သိရသည်။ "ယခုနှစ်မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် ပဲစင်းငုံခင်များမှာ မနှစ်ကထက် ပိုပြီးအထွက်နှုန်း ကောင်းမွန်လိမ့်မည်ထင်တယ်"ဟု ဗြူကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောပြသည်။ ငါ့သရောက်မြို့အတွင်းရှိ ကျေးရွာများတွင် မြေပဲကိုအဓိကထား စိုက်ပျိုးကြသည့်အပြင် ပဲစင်းငုံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်းသိရသည်။ ထိုသို့ စီးပွားဖြစ် စိုက်ပျိုးထားသော ပဲစင်းငုံခင်းများသည် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဗြူကြီးကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။

 

ဖြိုးဝေ(ပြန်/ဆက်)