နိုင်ငံအခြေအနေမှန် ထင်ဟပ်ပေါ်လွင်ရေးကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၈

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးမှုသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ မဆုတ်ယုတ်ဘဲ တည်တံ့နေရန် အရေးကြီး သည်။ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်သည်ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်မှုကို တည်ဆောက်နိုင်သည်။ ဖွံ့ဖြိုးမှုဆိုသည်မှာ လူမှုဘဝဆုတ်ယုတ်ယိုယွင်းခြင်းမရှိဘဲ အစဉ်ရှင်သန်လည်ပတ် နေခြင်း ဖြစ်သည်။ စစ်အတွင်းကာလပင်ဖြစ်သော်လည်း ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ တည်ဆောက်ရေးတို့ပြုလုပ်ကြသည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ရ မည်ဖြစ်သည်။

ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် စီးပွားရေးဘက်တွင် တုံ့ဆိုင်းနှေးကွေး ရပ်တန့် နေမှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိနိုင်ငံများ တွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနောက်ဆက်တွဲအကျိုးဆက်များအပြင် နိုင်ငံရေးဂယက်ရိုက်ခတ်မှုကြောင့် စီးပွား ရေးလုပ်ငန်းများဘက်တွင် စိန်ခေါ်မှုအခက်အခဲများရှိနေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံ၏ စီးပွားရေးတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ တည်တံ့ထွန်းကားလာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း နိုင်ငံတော်နှင့်ပြည်သူများ၏ စီးပွားရေး ဘဝ မြင့်မားတိုးတက်လာအောင် ပြည်တွင်းထုတ်ကုန်၊ ပြည်ပပို့ကုန်တိုးတက်ရေးကို မကြာခဏလမ်းညွှန်မှာကြား အားပေးကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရ မည်ဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံအတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးပယောဂ အမျိုးမျိုးတို့ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်မှာ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်စရာ အဖြစ်များနှင့် ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ သောအခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ မြန်မာနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ၏စီးပွားရေးဘဝ မြင့်မား တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖော်ထုတ်ပြသရမည်ဖြစ်သည်။ နိမ့်ကျနေသောမြန်မာကို မြင့်မားတိုးတက် လာအောင် မြန်မာနိုင်ငံကို ချစ်မြတ်နိုး၊ တန်ဖိုးထားသောနိုင်ငံသားတိုင်းက ကြိုးပမ်းအားထုတ်ကြရန် အချိန် တန်ပြီ ဖြစ်သည်။ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင်၊ မြင့်မားတိုးတက်လာအောင် ကဏ္ဍပေါင်းစုံတွင် ဆောင်ရွက်ကြရန်လိုအပ်လျက်ရှိသည်။

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးတွင် ပြည်တွင်းထုတ်ကုန်များ အဆင့်မြှင့်တင် တိုးတက်ဆောင်ရွက်ခြင်းနှင့် ပြည်ပပို့ကုန်များကို ဈေးကွက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသောအချက်များဖြစ်သည်။ မကြာသေးမီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာ့နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း ၂၀၀ ကျော်နှင့်အတူ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခြောက်လကြာကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲ (Expo 2020 Dubai) တွင် ပါဝင် ဆင်နွှဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၂၀ ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်မှ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်အထိ ခြောက်လကြာ ကျင်းပရန်ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် Expo 2020 Dubai ကျင်းပမည့်ကာလကို ၂၀၂၂ ခုနှစ်အထိ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။ - ကမ္ဘာ့ကုန်စည်ပြပွဲ (Expo 2020 Dubai) သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဒူဘိုင်းကုန်စည်ပြပွဲကျင်းပရေးကော်မတီက ဖိတ်ကြားလာသည့်အတွက် မြန်မာ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ဖော်ဆောင်ရန် အခွင့်အလမ်းကောင်းများ ရရှိလိုက်ခြင်းဖြစ်သည်။ အဆိုပါကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ က ပါဝင်ပြသနိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက် မှုများကို မိတ်ဆက်ပြသနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ထုတ်ကုန်များကို အရှေ့အလယ် ပိုင်းဈေးကွက် သာမက နိုင်ငံတကာဈေးကွက်၊ ကမ္ဘာ့ဈေးကွက်အထိ တိုးမြှင့် မိတ်ဆက်ထိုးဖောက် နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ဝင်ဆံ့နိုင်အောင် ထုတ်ကုန် အရည်အသွေး၊ ထုတ်လုပ်မှု နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်အောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရ မည်ဖြစ်သည်။ ကမ္ဘာ့ကုန်စည် ပြပွဲသည် တစ်ကမ္ဘာလုံးမှ ကုန်စည်ပစ္စည်းများကို တစ်ချိန်တည်း တစ်နေရာတည်း မိတ်ဆက်ပြသနိုင်ပြီး ကြိုက်နှစ်သက်ပါက ကုန်သွယ်မှုမိတ်ဖက်နိုင်ငံသစ်များ ရရှိလာမည်ဖြစ်ရာ ယင်းအခွင့် အလမ်းကောင်းကို မြန်မာနိုင်ငံမှထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များက လက်မလွတ်တမ်းအသုံးချနိုင်ရန်လိုအပ် ပေသည်။ မြန်မာ့စီးပွားရေး ပွင့်လန်းတိုးတက်ရန်အတွက် လယ်ယာစိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသော ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တင်ထုတ်လုပ်ကြရန်လိုအပ်သည်။ - သို့ဖြစ်ရာ Expo 2020 Dubai တွင် မြန်မာနိုင်ငံ ပါဝင်ဆင်နွှဲခွင့်ရသဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့်ခရီးသွား လုပ်ငန်းများအား နိုင်ငံတကာသို့ မိတ်ဆက်မြှင့်တင်နိုင်သကဲ့သို့ ကမ္ဘာ့နိုင်ငံများအကြား မြန်မာနိုင်ငံ၏ပကတိ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်များကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ