နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၅ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက် သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်အနေဖြင့် “ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြစ်ပါကြောင်း၊ လူသားများနှင့် သဘာဝအကြားဆက်စပ်မှုကို ပိုမိုသဟဇာတဖြစ်စေရန် ရည်ရွယ်ချက်နှင့် အလေးပေး ဖော်ညွှန်းထားသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် လူသားများ၏ ရှင်သန်ရပ်တည်နိုင်ရေးတွင် ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်ဖို့ လိုအပ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း၌ လက်ရှိကြုံတွေ့နေရသည့်ဖြစ်စဉ်ကို ကြည့်မည်ဆိုပါက သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောရိုင်းတိရစ္ဆာန်တို့ နေထိုင်ရာ ဒေသများကို ကျူးကျော်နယ်ချဲ့ပြီး မြို့ပြနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်အသုံးပြုခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု များပြားသည့် စက်မှုဖွံ့ဖြိုးရေးနှင့်  ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများ ကို တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် ဂေဟစနစ်သည် တစ်နေ့ထက်တစ်နေ့ ပျက်စီးနေသည့်အခြေအနေ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား တွေ့ရမည် ဖြစ်ပါကြောင်း။
    
ထို့အတူ မြန်မာနိုင်ငံ၏ အရေးကြီးသည့် သစ်တောဂေဟစနစ်ကို ကြည့်မည်ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နှစ်ကာလအလိုက် လျော့ကျလာသည်ကို လေ့လာသိရှိရပါကြောင်း၊ သစ်တောပြုန်းတီး ခြင်းရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်း လာပြီး ရေချိုများခမ်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ် သမုဒ္ဒရာများပျက်စီး ယိုယွင်းခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများပြုန်းတီး ခြင်း နှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း စသည့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေကြောင်း။
    
ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် ၂၀၂၁-၂၀၃၀ အထိ ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေး ကုလသမဂ္ဂဆယ်စုနှစ် ကြေညာချက်အရ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်းများစွာသောမျိုးစိတ်များ လျော့ပါးပျောက်ကွယ်လာမှုကို ကာကွယ်တားဆီး နိုင်ရေးနှင့် အစားအစာဖူလုံမှု၊ ရေထောက်ပံ့မှုနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ကို သေချာခိုင်မာစေရေးတို့အတွက် ပျက်စီး၊ ပြုန်းတီးနေသည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန် ကောင်းမွန်လာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ကို ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် “ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြင့် နှိုးဆော်ထားခြင်း ဖြစ်ပါကြောင်း။
    
၂၀၂၀ ပြည့်နှစ်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါ အပါအဝင် ဘေးအန္တရာယ် များစွာကို ရင်ဆိုင်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာ သည့် သဘာဝသယံဇာတ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အဓိကကျသည့် သဘာဝဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်းကို မိမိတို့အားလုံး အဓိကဦးစားပေး အရေးကြီးလုပ်ငန်းအနေဖြင့် အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်နေကြရသည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင်မိမိတို့မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အလေးထားဆောင်ရွက်နေမှုကို အကျဉ်းမျှတင်ပြလိုပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၅ တွင် “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ရမည်” ဟုလည်းကောင်း၊ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ တွင် “နိုင်ငံသားတိုင်း သည် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်”ဟု ဖော်ပြထားသည့်ကိစ္စရပ်များ၌ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဆိုသည့် အချက်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့ မြန်မာနိုင်ငံသားများသည် တစ်ဦးချင်း အနေဖြင့်သာမက တစ်နိုင်ငံလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို လုပ်ဆောင်နေရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံသည် မြောက်ဘက်ဒေသ ရေခဲတောင်များမှ တောင်ဘက် ကမ်းရိုး တန်း ဒေသများအထိ မတူကွဲပြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ  နိုင်ငံတော် ၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ထိရောက် စွာ အထောက်အပံ့ ပေးနိုင်သော ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်း ကျင်များရေရှည် တည်တံ့နိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း။

    
မြန်မာနိုင်ငံသည် သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံ့ဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သဘာဝ ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ် တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံ ဧရိယာ ၏ (၂၅.၆၁) ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောများအဖြစ် လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး သဘာဝ နယ်မြေများဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ (၁၀) ရာခိုင်နှုန်း ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ (၆.၀၈) ရာခိုင်နှုန်းကိုလည်းကောင်း ဖွဲ့စည်းထားနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးမြေဧရိယာအနေဖြင့် ဧက ၄၈.၅၂ သန်းရှိပြီး ဆန်စပါး စိုက်ဧက အနေဖြင့် ဧက ၁၇.၃ သန်း ရှိကြောင်း။

မြန်မာနိုင်ငံ၏လက်ရှိလူဦးရေအတွက် စိုက်ပျိုးမြေလုံလောက်စွာရှိပြီး ဆန်ဖူလုံမှု အနေဖြင့် ၁၂၇  ရာခိုင်နှုန်းဖြစ်သောကြောင့် လုံလောက်ရုံမက ပိုလျှံ နေသည်ကိုတွေ့ရ မည်ဖြစ်ကြောင်း၊ အခြားသီးနှံများတွင်လည်း အဓိကသီးနှံများသည် ပြည်တွင်းဖူလုံမှု အပြင် ပိုလျှံမှုရှိသည့်အတွက် ၁ ဧက အထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေ လုံ လောက်စွာရှိပြီးဖြစ်သဖြင့် သစ်တောများကို ခုတ်ထွင်ဖယ်ရှားခြင်း မပြုတော့ဘဲ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်း အစဉ်အလာအရ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းမှ တောင်ပေါ် အမြဲတမ်း ကုန်းမြင့်လယ်ယာများအဖြစ် စနစ်တကျ ပြောင်းလဲ ကျင့်သုံးရန်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု သတ္တမ အများဆုံးဖြစ်ပြီး အာရှတွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံး ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏  ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာ့ ဒီရေပေါက်ရောက်သစ်တောများသည် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုရိယာ၏ ၃.၉% (၁,၁၀၇,၇၄၅ ဧက) ခန့်ရှိပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အထောက်အကူပြုလျက် ရှိပါကြောင်း။ ဒီရေတောများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်တည်ထောင်လျက်ရှိရာ ယနေ့အချိန်အထိ ဒီရေတော စိုက်ခင်း ၂၆,၉၉၀ ဧက၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၁၅,၄၃၆ ဧက၊ ပုဂ္ဂလိက စိုက်ခင်း ၃,၀၆၅ ဧက၊ ဓမ္မတာမျိုးဆက်ခြင်း ၈,၁၃၀ ဧက၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဒီရေတော စိုက်ခင်း ၁၀,၃၄၈ ဧကတို့ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

သဘာဝ သစ်တောကြီးများ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် စွမ်းအင်အရင်းအမြစ်များ ပျက်သုဉ်းဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် အတွက်  ထင်းလောင်စာစွမ်းအင်ကို သစ်တောကဏ္ဍမှ နေ့စဉ်နှင့်အမျှ ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၇၆.၄၁ ရာခိုင်နှုန်းအထိရှိပြီး နှစ်စဉ်ထင်း လိုအပ်ချက် ကုဗတန် ၁၆.၅၃ သန်းခန့်ရှိပါကြောင်း၊ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် တွက်ချက်မှုများအရ ကျေးလက် အိမ်ထောင်စုတစ်စုတွင် တစ်နှစ်ကို ထင်း ၂.၅ ကုဗ တန် အသုံးပြုနေပြီး မြို့ပြ အိမ်ထောင်စုတစ်စုတွင် တစ်နှစ်ကို ထင်း ၁.၄ ကုဗတန် အသုံးပြုနေသည်ဟု ခန့်မှန်း ထားပါကြောင်း။

၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင် အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းမှာ ကျေးရွာထင်း စိုက်ခင်း ၁၀၄,၅၆၃ ဧက တည်ထောင်မည် ဖြစ်ပြီး ယနေ့အထိ (၂၁,၄၃၆ ဧက) တည်ထောင်ပြီး ဖြစ်ပါကြောင်း၊ နှစ်စဉ်တစ်ရွာလျှင် အနည်းဆုံး(၂) ဧက စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကျေးရွာများထိ လျှပ်စစ်ဓာတ်အား ရောက်ရှိရေးမှာ အချိန်ကာလတစ်ခုအထိ လိုအပ်နေသေးသဖြင့် ထင်း၊ မီးသွေးကို စွမ်းအင်အဖြစ် သုံးစွဲနေကြရဦးမည်ဖြစ်ပါကြောင်း၊ ထင်း၊ မီးသွေးများကို သဘာဝတောမှသာ ထုတ်ယူ သုံးစွဲခြင်းထက် ကျေးရွာအလိုက် ကိုယ်ပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများက ကြီးကြပ်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် သဘာဝဝါးတော ဧရိယာ ၄.၄ သန်းကျော်ရှိပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသည့်အနက် စီးပွားရေးအရ အရေးပါသည့်ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိပါကြောင်း၊ နှစ်စဉ် ဝါးအလုံးရေ သန်း ၁၂၀ မှ ၁၈၀ အထိ ထုတ်လုပ်လျက်ရှိပါကြောင်း၊ စားသောက် ကုန်၊  အိမ်ဆောက်လုပ်ခြင်း၊ ပရိဘောဂအမျိုးမျိုးအပြင် ကျန်းမာရေးအရ သင့်တော်သည့် ဝါးအမျှင် (Bamboo Fiber) မှ ထုတ်လုပ်သည့် အဝတ်အထည်များသည် လူကြိုက်များပြီး ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်း ချလျက်ရှိပါကြောင်း၊ ဝါးကို သဘာဝတောများမှသာ ခုတ်ယူသုံးစွဲကြပြီး ပြန်လည် စိုက်ပျိုးမှု အနည်းငယ်သာ ရှိပါကြောင်း၊ ထို့ကြောင့်ဝါးသည် အဓိကကျသည့် သစ်တောထွက်ကုန် ပစ္စည်းတစ်မျိုးဖြစ်သဖြင့် စနစ်တကျ ထိန်းသိမ်းပြီး၊ စီးပွားရေးအရ ထုတ်လုပ် သုံးစွဲရန် ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း။

သစ်ပင်သစ်တောများနှင့် ကောင်းမွန်သည့် သစ်တောဂေဟစနစ်များသည် လေထု အတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်ထားနိုင်သည့် သိုလှောင်ကန်ကြီးများလည်း ဖြစ်သည့်အတွက် ကားလမ်းဘေး လမ်းနယ် တစ်လျှောက်တွင် သစ်တောငယ်များ ဖန်တီးပေးခြင်းဖြင့် ကားများက ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင် မည်ဖြစ်သကဲ့သို့ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးအတွက်လည်း အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေသည့် အဖိုးတန် သယံဇာတ အရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပတ်သက်၍ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီးတိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာပိုင် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေ ဒေသများရှိ ဒီရေတောများ ပြန်လည် ထိန်းသိမ်းရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များတွင် ပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဖိတ်ခေါ် အပ်ပါကြောင်း၊ ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများ၊ သဘာဝနယ်မြေများမှ သစ်တောသစ်ပင်များကို ထိန်းသိမ်းသည်သာမကပဲ သစ်တောများပြင်ပမှ သစ်ပင်များ (Trees Outside Forest-ToF)နှင့် ဂေဟစနစ်များ၏ အရေးကြီးသည့် အခန်းကဏ္ဍ ကိုလည်း အထူးအလေးထား ထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း။


မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသား ဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားနေရမှု လျော့ပါးသက်သာစေရေး၊ လိုက်လျောညီထွေရှိ စေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း “တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏” “ဥတု ရာသီ၊ တောကိုမှီ၏။” “ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု” “သစ်တော တွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။

သတင်းစဉ်