ပင်လည်ဘူးမြို့နယ်၌ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး

ပင်လည်ဘူး သြဂုတ် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်၌ "မိုးသောက်ကြယ်" မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့  ဥက္ကဋ္ဌ တစ်ဦး ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပင်လည်ဘူးမြို့နယ် "မိုးသောက်ကြယ်" မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကင်းပန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးခင်ဇော်ဝင်းသည် ကင်းပန်းအုပ်စု တောင်ဖီရွာနားရှိ တံတားအားပြင်ဆင်ရန် ဆောင်ရွက်နေစဉ် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က အမည်မသိအဖွဲ့မှ ဆိုင်ကယ်လေးစီးဖြင့် လူရှစ်ယောက်တို့သည် သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဦးခင်ဇော်ဝင်းအား သေနတ်လေးချက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းမှာ နေရာတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းအား တိုက်နယ်ဆေးရုံသို့ လူမှုကူညီရေးကားဖြင့် သယ်ဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပင်လည်ဘူးမြို့ခံတစ်ဦးထံမှ သိရသည်။

 

သေဆုံးသူ ဦးခင်ဇော်ဝင်းသည် အသက် (၄၅) နှစ်ရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် "ဇေယျာလူမှုထူးချွန်ဆု" အား ရရှိထားသူဖြစ်ကာ တောင်ဖီကျေးရွာ ကင်းပန်းအုပ်စု ပင်လည်ဘူးမြို့နယ်တွင် ဇနီးနှင့် သားသမီးနှစ်ယောက်တို့နှင့်အတူ နေထိုင်လျက် တောင်သူလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လည်ဘူးမြို့မရဲစခန်းမှ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)