ပြည်ပတင်ပို့ရာတွင် အရည်အသွေး ကန့်သတ်ချက်များ ရှိနေသဖြင့် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်ကျဆင်း

ရန်ကုန်   အောက်တိုဘာ   ၂၆



ကြက်သွန်နီ ပြည်ပတင်ပို့ရာတွင် အရည်အသွေးပိုင်း ကန့်သတ်ချက်များ ရှိနေသဖြင့် ယခုရက်အတွင်း ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

"ကြက်သွန်နီဈေးက တအားထိုးကျတာမျိုးတော့ မဟုတ်ဘူး။ တောင်သူတွေက ပြည်ပတင်ပို့တဲ့ ကြက်သွန်တွေထဲ အထားမခံတဲ့ ကြက်သွန်တွေ ထုတ်ရောင်းကြတယ်၊ ကုန်သည်ပွဲစားကလည်း မြတ်တယ်ဆိုပြီး အဲ့ဒါတွေကို ရောရောပြီး Export လုပ်ခဲ့တယ်။ တင်ပို့လိုက်ပြီး ၁၅ ရက်လောက်အကြာမှာ ကြက်သွန်တွေက အညှောင့်ပေါက်လာတယ်။ အဲ့ဒီအခါ ဘင်္ဂလားဒေရှ့်ဘက်ကနေ မြန်မာကြက်သွန်တွေကို အပုပ်တွေများတယ်ဆိုပြီး အဝယ်ကို ရပ်လိုက်တာပေါ့။ အဲ့ဒါကြောင့်မို့ Export တန့်သွားတဲ့အခါကျတော့ အလိုလို ဈေးပြန်ကျသွားတဲ့သဘောပါ" ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ ဦးဝင်းမြင့်ဌေးက ပြောပြသည်။


အောက်တိုဘာ ၂၀ ရက် ဝန်းကျင်အထိ ကြက်သွန်နီ အရည်အသွေးပေါ် မူတည်၍ ခြံကောက်ဈေး တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၇၅၀ ကျပ်အတွင်း ဈေးနှုန်းများ ရရှိခဲ့ကြောင်း သိရသည်။

 

ကြက်သွန်နီ ပြည်ပတင်ပို့ရာတွင် အရည်အသွေးပိုင်း ကန့်သတ်ချက်များ အနေဖြင့် ကြက်သွန် နှုတ်ပြီးချိန် မူလပုံစံမပျက်အတိုင်း ကြက်သွန်မြိတ် ခြောက်နေခြင်း၊ မိုးလေကင်းလွတ်၍ သန့်ရှင်းမှုရှိကာ လေဝင်လေထွက်ကောင်းသော သိုလှောင်ရုံအမျိုးအစားတွင် သိုလှောင်ထားခြင်း၊ ကြက်သွန်အခွံ ညို/ရှုံ့မှု မဖြစ်ခြင်း စသည့် အချက်များနှင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

 

 

နန်းထက်ထက်ချစ်