ပြည်စိုးညိမ်း
ရုရှားနှင့် မြန်မာ
မြန်မာနှင့် ရုရှား။
အချစ်မပျက်ပါဘု
ခေတ်အဆက်ဆက် မနှေးကူလို့
အတွေးတူ အယူမကွဲပါပဲ
အရေးတယူ အတူတွဲတယ်
ခိုင်မြဲတဲ့အား။
၂၀၂၅ ခုနှစ် မတ်လ ၃ ရက်၊ ၁၃၈၆ ခုနှစ် တပေါင်းလဆန်း ၅ ရက်။ အမိမြန်မာနိုင်ငံ၏ သာယာစင်ကြယ် ငြိမ်းချမ်းလှပသော နေ့ရက်တစ်ရက်။
“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ - နွေလများတွင် နွေဦးအစဖြစ်သော၊ ကောင်းစွာပွင့်သော၊ ခက်ဖျားစုံရှိသောတောအုပ်သည် အသရေရှိဘိသကဲ့သို့ နိဗ္ဗာန် ရောက်ကြောင်း တရားတော်မြတ်ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံး အကျိုးစီးပွားအလို့ငှာ” ဟူ၍ ရတနသုတ်၌ နွေရာသီ၏ အဦးအစ အလှနှင့်အဓိပ္ပာယ်ကို နိဗ္ဗာန ဓာတ်တရားမြတ်နှင့် ရူပကပြုထားပါသည်။
ထိုနေ့သည်ကား ရုရှား-မြန်မာဆက်ဆံရေး သမိုင်းစာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်သော နေ့တစ်နေ့ပင်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး အစပြုရာ နေ့ရက်ပင် ဖြစ်ပါ၏။
မှတ်တိုင်အသစ်များ ထပ်မံစိုက်ထူ
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည် ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့မှာ နွေးထွေးမြဲ နွေးထွေးဆဲ၊ နီးကပ်မြဲ နီးကပ်နေဆဲပင်။ (၇၇) နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည့် သမိုင်းကြောင်းတစ်လျှောက် ယခင်ကာလများကလည်း ယခုလိုမှတ်တိုင်များ ရှိခဲ့ဖူးသည်။ အတိတ်တွင် လှပသောသမိုင်းပုံရိပ် များရှိခဲ့သလို မျက်မှောက်ကာလတွင်လည်း ယခုလိုမှတ်တိုင်အသစ်များ ထပ်မံစိုက်ထူနိုင်မှုမှာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ထောက်မကူညီခဲ့မှုများအတွက် ပကတိအရှိတရား များဟု ဆိုရပါမည်။
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် ပြည်သူအကျိုး ကိုရှေးရှု၍ မှန်ကန်သောရည်ရွယ်ချက်၊ ခိုင်မာသောသန္နိဋ္ဌာန်၊ ပြင်းပြ ထက်သန်သော လုံ့လဥဿာဟတို့ ဖြင့် အောင်မြင်စွာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ စတင်ထွက်ခွာသည်။ ယင်းနေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာပင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။ မော်စကို၏ရာသီဥတုမှာ ဆောင်းနှောင်း ကာလဟု ဆိုရပါမည်။ အအေးဓာတ်မှာ သိသိသာသာလွန်ကဲပြင်းထန်ခြင်းမရှိဘဲ သင့်တင့်မျှတရုံမျှရှိ၏။ သို့သော်ငြား အပူချိန်မှာ မိမိတို့နိုင်ငံရာသီဥတုနှင့် အတန်ငယ် ခြားနားသဖြင့် အနွေးထည်ထူထူကြီးများ ဝတ်ထားကြသည်ကို တွေ့ရသည်။ နိုင်ငံတော် အကြီးအကဲနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများမှာ နာရီပေါင်းများစွာ ခရီးနှင်ခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြမည်ဟူသော အားမာန်အပြည့်ဖြင့် လန်းဆန်းတက်ကြွနေသည်။
အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူး ချုပ်မိုးကျော်တို့က နွေးထွေးလှိုက်လှဲစွာ ဆီးကြိုနေကြသည်။
လေယာဉ်ပေါ်မှအဆင်း အနီရောင်လျှောက်လမ်း၏ လက်ယာဘက်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား အသင့်အနေအထားဖြင့် စောင့်ဆိုင်းလျက်ရှိသည်။
ယင်းမှာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုနေခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူသည်။ ထိုသို့ဆောင်ရွက်နေစဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်လျက် ဂုဏ်ပြုအလေးပြုသည်။
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီးနောက် ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက အကြီးအကဲအား ရုရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။ အကြီးအကဲကလည်း မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ပြန်လည် မိတ်ဆက်ပေးခြင်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား အပြန်အလှန်နွေးထွေးမှုတို့ စတင်သန္ဓေတည်ခဲ့ကြသည်။
ဆရာတော်ကို ဖူးမြော်ကြည်ညို
ထိုနေ့ညနေပိုင်းမှာပင် အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်စကို မြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်ကို ဖူးမြော်ကြည်ညိုကြသည်။
အကြီးအကဲသည် သဒ္ဓမ္မဇောတိကသိမ်တော် အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညိုပြီးသည်နှင့် ဘာသာ၊ သာသနာ အပေါ် အလေးအမြတ်ပြု ဦးထိပ်ထားသူပီပီ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံး နေထိုင်ရမှုနှင့် သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ၊ ရုရှား နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို မေးမြန်းလျှောက်ထား လေသည်။ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်ပေးသည်။
မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာမှာ ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာ သာသနာပြုတက္ကသိုလ် ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင် ဆေကိန္ဒတို့၏ ဩဝါဒကိုခံယူ၍ ရည်ရွယ်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲနှင့်ဇနီးအား အမှူးထား၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော်သင်ရောက်ရှိ နေသည့် သင်တန်းသားမိသားစုများ၏ ပေါင်းစည်း ညီညွတ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ်ကာ ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချအခမ်းအနားကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထို့အတူပင် မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ရန် သီတဂူဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရဟန်းရှင်လူပြည်သူများ၊ ရုရှားနိုင်ငံရောက် ပညာတော်သင် သင်တန်းသားအရာရှိများ စုပေါင်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲနှင့် အလှူရှင်များက ရေစက်ချလှူဒါန်း ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသာမက အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များ အတွက်ပါ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားရသည့်နေရာ တစ်ခုဖြစ်ကြောင်း ဝမ်းမြောက်ကြည်နူးဖွယ် သိရှိရသည်။
ခရီးစဉ်ပထမနေ့ရက်မှာပင် မိမိတို့အထွတ် အမြတ်ထားရာ ဘာသာတရား၏ အရိပ်အာဝါသကို ခိုလှုံလိုက်ရသဖြင့် ကိုယ်စားလှယ်တော်ကြီးများမှာ ရေခြားမြေခြားသို့ ရောက်ရှိနေလင့်ကစား စိတ်ဓာတ်ခွန်အားများ တိုးပွားလျက်ရှိသည်။
အချိန်မှာ ညဘက်သို့ ချဉ်းကပ်လာပြီဖြစ်ရာ အအေးဓာတ်က အနည်းငယ်ပိုလွှမ်းလာသလို ခံစားရသည်။ အခန်းတွင်း အပူချိန်ကမူ အနွေးပေးစက်များ အစွမ်းဖြင့် သင့်တင့်ရုံမျှရှိနေသည်။
ယခုခရီးစဉ်မှာ သာမန်ထက်ပိုသည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများပါသည်ကို တွေ့ရသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရသည်။ ခရီးစဉ်တစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများ၊ စာချုပ်ချုပ်ဆိုခြင်းနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများ၊ တွေ့ဆုံဆွေးနွေးရာမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို နှစ်နိုင်ငံပူးတွဲထုတ်ပြန်ကြေညာခြင်း စသည်ဖြင့် ကျယ်ပြန့် လေးနက်သော လုပ်ငန်းဆောင်တာများ ပါဝင်နေသည်။
ခရီးစဉ်၏ အတိမ်အနက်ကို တွေးဆကြည့်ရုံနှင့်ပင် အမိနိုင်ငံကို တိုးတက်ဖြစ်ထွန်းစေချင်သည့် မည်သူ့ကိုမဆို အားမာန်များ နိုးကြားတက်ကြွလာသည်အထိ ခံစားရစေမည်ဖြစ်သည်။
အားကြိုးမာန်တက်ဆောင်ရွက်
ခရီးစဉ် ဒုတိယနေ့တွင် ဆောင်ရွက်ဖွယ်ရာတို့မှာ နံနက်မှညတိုင်သည်အထိ များပြားလှစွာ အသင့်စောင့်ကြိုနေကြသည်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့မှာ တိုင်းကျိုးပြည်ကျိုးရွက်သယ်ပိုးသည့်နေရာတွင် “စက္ကန့်လေးတွေ စိန်စီထားသည်”ဟု ဆိုရမတတ်ပင် အချိန်ကိုတလေးတစား တန်ဖိုးထားကြပုံရသည်။ အိပ်စက်အနားယူချိန် ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများမှာ မိမိတို့အခန်းကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြလျက်ရှိသည်။ ခရီးစဉ် စတင်မီကပင် ကြိုတင် ပြင်ဆင်ခဲ့ကြပြီးဖြစ်သော်လည်း အချိန်နှင့်အမျှ ပြောင်းလဲလာနိုင်သည့် အချို့အကြောင်းအရာများအတွက် မတိုင်မီကာလအထိ ပြင်ဆင်မှုကိုမလျှော့ကြချေ။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် အားကြိုးမာန်တက် ဆောင်ရွက်ကြလျက်ရှိသည်။
အကြီးအကဲမှာ ခရီးစဉ်ပထမဆုံးနေ့မှာပင် အနားမယူနိုင်သေးဘဲ လုပ်ငန်းတာဝန်များ တရစပ် ဆောင်ရွက်နေသော်လည်း မောပန်းနွမ်းနယ်ဟန်မရှိ၊ ရွှင်လန်းတက်ကြွလျက်ရှိသည်ကို သတိပြုမိသည်။
ပန်းတိုင်သို့ချီရာလမ်းဝယ် အကြီးအကဲနှင့်တကွ သူ၏ကိုယ်စားလှယ်တော်ကြီးများမှာ အမိနိုင်ငံတော်အကျိုးအတွက် တစ်ရံမလပ် စိတ်ကိုနှစ်၍ ရှေးရှုဆောင်ရွက်နေကြပုံမှာ ရှေ့သွား နောက်လိုက်ညီကြပါပေသည်။ သူတို့၏ အတွေး အာရုံထဲတွင် အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုး
အတွက်ဟူသည့် တစ်ကြောင်းတည်းသော ရည်မှန်းချက်ကသာလျှင် အပြည့်အဝ နေရာယူထားကြပုံရသည်။
ခရီးစဉ်၏ ပထမဆုံးသောနေ့ဟုဆိုသည့်တိုင် သည်သို့လျှင် ပညာ၊ သဒ္ဓါ၊ ဝီရိယတည်းဟူသော အင်္ဂါရပ်သုံးတန်ဖြင့် အရှိန်အဟုန်ကောင်းစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများက အမိ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ် ကောင်းများလည်း ထွက်ပေါ်လာတော့မည်ကို ထင်ရှားစွာ ပြဆိုနေပါသတည်း။