ပျဉ်းမနားမြို့၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

နေပြည်တော်၊ အောက်တိုဘာ ၇

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၂၂၀/၅-၆) ကြား၌ အောက်တိုဘာ ၅ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက် ည ၉ နာရီက ပုဗ္ဗသီရိမြို့နယ်၊ သစ်ရာကုန်း ကျေးရွာနေ ဘိုရဲ (၂၆) နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဆန်းလင်း (၃၀) နှစ်နှင့် ချစ်ဝိုင်း (၅၂) နှစ် လိုက်ပါလာသော 7M/xxxx Suzuki Carry ယာဉ်သည် လယ်ဝေးဘက်မှ ဘောဂသီရိကားဝင်းဘက်သို့ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းယာဘက်တွင် ရပ်တန့်ထားသော ညောင်လေးပင်မြို့နယ်၊ ကင်ပွန်းခြုံကျေးရွာနေ မင်းသူနိုင် (၂၅) နှစ် မောင်းနှင်သည့် 6K/xxxx Nissan Diesel Tractorheat (၂၂) ဘီး ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် ဘိုရဲနှင့် ဆန်းလင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ချစ်ဝိုင်းတွင် ဒဏ်ရာများ ရရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိုရဲအား ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား